ရုရှားလုပ် SU-30 ဂျက်တိုက်လေယာဉ်တွေ မကြာခင်အသုံးပြုလာနိုင်

RFA Burmese
2023.12.21
ရုရှားလုပ် SU-30 ဂျက်တိုက်လေယာဉ်တွေ မကြာခင်အသုံးပြုလာနိုင် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။
Myanmar Military

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ရုရှားနိုင်ငံထုတ် SU-30 SME ဂျက်တိုက် လေယာဉ်နှစ်စင်းကို စစ်ကောင်စီရဲ့ လေတပ် (၇၆) နှစ်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လွှဲပေးလိုက်ပါတယ်။

စစ်ပွဲတွေမှာ လေကြောင်းစွမ်းအား သာလွန်မှုကို အသုံးပြုပြီး ရန်သူတွေအပေါ် လွှမ်းမိုး နိုင်တာကြောင့် အခုလေယာဉ်တွေဟာ တိုက်ခိုက်ရေးစွမ်းအားတိုးတက်မှုကို အထောက်အကူ ဖြစ်စေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်တော်ဝင်အခမ်းအနားမှာ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း နယ်မြေဒေသ တည်ငြိမ် ရေးအတွက် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချနေတယ်လို့လည်း သူက ဆိုပါတယ်။

"စစ်ရာဇဝတ်မှု ကျူးလွန်ပြီးရင်း ကျူးလွန်ရင်းနဲ့ သူတို့ကတော့ နောက်ဆုံးတော့ ကြိုးစင်တက်ရမယ့်လူတွေပဲ ဖြစ်တယ်ဆိုတာ အဲဒါကို ပြနေတာ ဖြစ်ပါတယ်”

ဒီတိုက်လေယာဉ်ဟာ တစ်ခါကြဲရင် ပေါင်ချိန် တစ်ထောင် ရှိတဲ့ ဗုံးလေးလုံး၊ ဒါမှမဟုတ် ပေါင်ချိန် ငါးရာ ရှိတဲ့ ဗုံးလေးလုံး ကြဲနိုင်တယ်လို့လည်း လေတပ်ကနေ အကြမ်းမဖက် အာဏာဖီဆန် ရေးလှုပ်ရှားမှု CDM မှာပါနေတဲ့ အရာရှိတွေက ပြောကြပါတယ်။ SU-30 တိုက်လေယာဉ် တွေမှာ ချိတ်ဆွဲဖို့ စံမီတဲ့ ဗုံးတွေကို ပြည်တွင်းမှာရှိတဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) တွေမှာ ထုတ်လုပ်လာနိုင်ရင် ဒီလေယာဉ်တွေကို မကြာခင် အသုံးပြုလာနိုင်တယ်လို့ လေတပ်က CDM တပ်ကြပ်ကြီး ဇေယျက RFA ကို ပြောပါတယ်။

“ကုန်ကျစရိတ်များတယ်။ ပြီးတော့ သူ့မှာ ကပစထုတ် ဗုံးကိုချိတ်ပြီး သုံးဖို့လည်း ဒါ အဆင်သင့်မဖြစ်ဘူးပေါ့နော်။ ကပစထုတ် ဗုံးနဲ့ချိတ်ပြီး သုံးလို့ရတဲ့အနေအထားတစ်ခု သူတို့လုပ်နိုင်ပြီဆိုရင်တော့ ထုတ်သုံးမှာပေါ့နော်။ ဒါပေမဲ့ တရုတ်ထုတ် သုံးတာနဲ့တော့ ကုန်ကျစရိတ်ချင်းက မတူဘူး။ ကုန်ကျစရိတ်မတူသလို စွမ်းဆောင်ရည်ကလည်း ကွာသွားတာပဲ”

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း နိုင်ငံရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်စိုးမှုကိစ္စတွေကို ထိပါးလာရင် ဒီတိုက်လေယာဉ်တွေကို အသုံးပြုလာနိုင် တယ်လို့ သုံးသပ်ပါတယ်။

“သာမန် ပြည်တွင်းက လက်နက်ကိုင်တွေလောက်ကတော့ ဒီလေယာဉ်က ပြောရရင် ကြက်ဥကို တူနဲ့ သွားထုခွဲသလို ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ သာမန်လက်နက်ကိုင် သောင်းကျန်းမှုမျိုးမဟုတ်ဘဲနဲ့ နိုင်ငံတော် အချုပ်အခြာနဲ့ ပတ်သက်လို့၊ နယ်မြေ ပိုင်စိုးမှုနဲ့ ပတ်သက်လို့ ပြဿနာအကြီးကြီး ပေးနိုင်လာတဲ့ အနေအထားမျိုး ရောက်ရင်တော့ အသုံးပြုကောင်း အသုံးပြုနိုင်မယ်။ ဒါကတော့ သီအိုရီအရ မှန်းတာ လက်တွေ့ သုံး၊ မသုံးကတော့ တာဝန်ယူထားတဲ့သူတွေရဲ့ သဘောထားကတော့ အဓိက ဖြစ်လိမ့်မယ်။ စောင့်ကြည့်ရမယ့် အနေအထားလို့ ပြောရပါမယ်”

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဟာ တပ်စခန်းရာကျော်နဲ့ မြို့ ၂၀ ကျော် သိမ်းယူခံထားရတာကြောင့် လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင် နေတယ်လို့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူတွေက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ရော၊ စစ်ဆင်ရေးနောက်ပိုင်းမှာပါ ကျွန်တော်တို့ လေ့လာ ရသလောက်ဆိုရင် စစ်ကောင်စီရဲ့ ကြည်းတပ်တွေဟာ မြေပြင်တိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ မတိုက်နိုင်တဲ့အတွက် လေကြောင်းကို အားပြုနေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အသစ်ရောက်နေတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ပါလိမ့် မယ်။ အဲဒီလို တိုက်ခိုက်တာကိုလည်း ပြင်ပကမ္ဘာက ကာကွယ်ပေးနိုင်မယ့် အခြေအနေ အတော်နည်းပါတယ်” လို့ မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေး လစ်တနာ (Bertil Lintner) က RFA ကို ပြောပါတယ်။

တိုက်လေယာဉ်သစ်တွေကို လက်ရှိတိုက်ပွဲတွေမှာ အသုံးပြုလာနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ လေကြောင်းရန် ကို ကာကွယ်နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း Anti-aircraft gun တချို့ကို တချို့နေရာ ဒေသတွေမှာ တပ်ဆင်ပေး ထားပြီးသား ရှိပါတယ်။ အဲဒီအပြင် လေကြောင်း ကင်းထောက်အနေနဲ့ ဘယ်လေယာဉ်ကွင်းကနေ လေယာဉ်တွေ ဘယ်လိုတက်လာတယ်၊ ဘယ်ဒေသကို ဦးတည်ပျံသန်းနိုင်တယ်ဆိုတဲ့ အဆင့်ဆင့်သော သတင်းပေးစနစ်ကို လည်း တည်ဆောက်ထားတာ ရှိပါတယ်။ လေကြောင်းအန္တရာယ် သတိပေးစနစ်တွေ၊ ရှောင်ရှားရမယ့်စနစ်၊ လိုက်နာရမယ့်အချက်အလက်တွေကိုလည်း ပြည်သူ လူထုနဲ့အတူ ဖြန့်ဝေလျက် ရှိပါတယ်။ ဗုံးခိုကျင်းတွေ ကိုလည်း စနစ်တကျတူးပြီးတော့ ပြည်သူ လူထုကို လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက်ကိုလည်း စီမံဆောင်ရွက် လျက်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်”

စစ်ကောင်စီက Su-30 လေယာဉ်တွေ ထုတ်သုံးဖို့ ပြင်ဆင်လာတာနဲ့ ပတ်သက်လို့ ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက အခုလိုသုံးသပ်ပါတယ်။

“သူမြေပြင်မှာ ဆုံးရှုံးမှုတွေက ဆက်တိုက်ဖြစ်နေတာပဲလေ။ အဲဒါကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ သူတို့ အင်မတန်ခေတ်မီဆန်းပြားတဲ့ SU-30 ကို ထပ်ပြီးသုံးဖို့ ရှိတယ်ဆိုတာ။ ဒါလည်း ကျွန်တော်တို့ ကြားနေတာပဲ။ အဓိကတော့ သူတို့ရက်စက် ကြမ်းကြုတ်မှုတွေကို ဒီထက်ပိုပြီး လုပ်သွားတာပဲဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီးရင်း ကျူးလွန်ရင်းနဲ့ သူတို့ကတော့ နောက်ဆုံးတော့ ကြိုးစင်တက်ရမယ့်လူတွေပဲ ဖြစ်တယ်ဆိုတာ အဲဒါကို ပြနေတာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Witness အဖွဲ့ကတော့ Su-30 ဟာ မြန်မာ စစ်တပ်က ပုံမှန်အသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ လူတွေကို သေစေနိုင်တဲ့ စွမ်းရည် နှစ်ဆပိုမြင့်တယ်လို့ RFA ကို ပြောထားပါတယ်။

စစ်ကောင်စီကသာ ဂျက်တိုက်လေယာဉ်သုံးလာရင် မြန်မာပြည်ငြိမ်းချမ်းရေး တည်ဆောက် နိုင်မှာ မဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အခုလိုမျိုး ပြည်တွင်းစစ်ပေါ့နော် အဲဒီမှာ ဒါမျိုးတွေ မသုံးသင့်ဘူးလို့ ကျွန်တော် ထင်ပါ တယ်။ ဒါမျိုးတွေ သုံးရင်လည်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကလည်းပဲ တည်ဆောက်လို့ရမှာ မဟုတ်ဘူး”

SU-30 ဂျက်တိုက်လေယာဉ်ဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ လောက် တန်ဖိုးရှိပြီး ၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ချိန်မှာ ခြောက်စင်းရောင်းမယ်လို့ သဘောတူခဲ့တာပါ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံနှင့် အပျက်အစီးအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံနှင့် အပျက်အစီးအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီလေယာဉ်တွေကိုသုံးပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ရင်တော့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

“အဓိကဘာလဲဆိုတော့ ဂျနီဗာကွန်ဗန်းရှင်း စစ်ဥပဒေလို့ခေါ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ အဲဒီနောက်ခံကနေပြီးတော့မှ တိုက်လေယာဉ်နဲ့ တိုက်သည် ဖြစ်စေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သည်ဖြစ်စေ၊ ကုန်းကြောင်းက တိုက်ခိုက်သည်ဖြစ်စေ စစ်ရေးပစ်မှတ်ကိုပဲပစ်ရမယ်။ အရပ်သား ပြည်သူတွေရှိတယ်၊ ဆေးရုံတွေရှိတယ်၊ ကျောင်းတွေရှိတယ်၊ ပန်းခြံတွေရှိတယ်၊ ကလေးကစားကွင်းတွေရှိတယ်ဆိုတာကို သိရဲ့သားနဲ့ သွားပစ်တယ်ဆိုရင် ဂျနီဗာကွန်ဗန်းရှင်းလို့ခေါ်တဲ့ စစ်ဥပဒေကို ချိုးဖောက်တာပဲ”

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက် အပြုံလိုက် သေဆုံးမှုတွေအနေနဲ့ ကချင်ပြည်နယ် အနန့်ပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ လူ ခြောက်ဆယ်ကျော် သေဆုံးပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ လူ ၁၇၀ နီးပါး သေဆုံးခဲ့ရပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးခဲ့ပြီး ၁၃၀၀ နီးပါး (၁၂၉၂ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။