ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့နယ်တချို့မှာ ဇွန်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ တာကြောင့် ကန်ပက်လက်မြို့က ဒေသခံ နှစ်ထောင်ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ မဒပ်အုပ်စု ပူကွန်းရွာမှာ စခန်းချထားတဲ့ စစ်ကောင် စီတပ်ကို ဇွန်လ ၁၃ ရက်နေ့ မနေ့ည ၈ နာရီလောက်မှာ ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်အဖွဲ့က စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၄ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ CDF မင်းတပ်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာတွေရှိလာတာကြောင့် တိုက်ပွဲတွေဖြစ်လာရတာလို့ CDF မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ပေါ် သုံးနေရာမှာ တိုက်ပွဲဖြစ်တယ်ပေါ့။ သူတို့ လွန်ခဲ့တဲ့ လေးငါးရက်က မင်းတပ်မြို့အနီးတစ်ဝိုက် စကစတွေ ထိုးစစ်ဆင်ထားတာရှိတယ်။ ကျနော်တို့က ပြောထားတာရှိတယ်။ စကစရဲ့ ယန္တရားတွေကို လည်ပတ်ဖို့ ကြိုးစားတယ်။ ကျောင်း ဖွင့်ဖို့ ကြိုးစားတယ်။ ဂိတ်တွေမှာလည်း ပြည်သူတွေကို ဆက်ဆံပုံတွေရော အမျိုးမျိုး ပေါ့ဗျာ။ တိုက်ပွဲဖော်ဆောင်ရတဲ့အကြောင်းက ဒါတွေနဲ့ ဆက်စပ်မှုတော့ ရှိတာပေါ့"
ဇွန်လ ၁၄ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာလည်း မင်းတပ်မြို့ အဝင်ဂိတ်မှာ စောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို CDF မင်းတပ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့သလို ၉ နာရီလောက် မင်းတပ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးနားမှာလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မြို့မှာလည်း စစ်ကောင်စီတပ်ဘက်က အင်အားသုံးပြီးတိုက်ခိုက်ခဲ့တာ ကြောင့် CDF ကန်ပက်လက် အဖွဲ့ရဲ့ တပ်ရင်း ၂ စခန်းကို စွန့်ခွာခဲ့ရတယ်လို့ CDF ကန်ပက်လက်အဖွဲ့က ပြောပါတယ်။
တပ်ရင်းစခန်းစွန့်ခွာခဲ့ရပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၄၀ လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။
"တောတောင်တွေမှာပဲ ပြေးရတယ်။ အိမ်တွေ ဘာတွေလည်း အဖျက်ဆီးခံရတယ်"
ဇွန်လ ၁၃ ရက်နေ့က အင်အားသုံးတိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ပိုင်းမှာ မကွေးတိုင်း ကျောက်ထုဘက်ကို ပြန်လှည့်သွားပေမယ့် အနီးအနားက ရွာတွေက ဒေသခံတွေကတော့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“မကွေးတိုင်းနဲ့ ကန်ပက်လက်ရဲ့ နယ်စပ်ပေါ့နော်။ ခဏခဏ တိုက်ပွဲဖြစ်တဲ့နေရာ ပေါ့နော်။ အဲဒီအနီးအနားက ရွာက ၁၃ ရွာလောက်ရှိတယ်။ တောတောင်တွေမှာပဲ ပြေးရတယ်။ ပြီးတော့ အိမ်တွေဘာတွေလည်း အဖျက်ဆီးခံရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာကတော့ အခက်အခဲဆုံးပဲ။ ပြေးရတဲ့လူဦးရေက တစ်ထောင်ကျော်မှာ။ အခုဖျက်ဆီးခံရတဲ့ ရွာကတော့ သုံးရွာပေါ့။ ဒေသခံပြည်သူတွေ အစားအသောက် အခက်အခဲ၊ ရိက္ခာပိုင်းကတော့ အခက်အခဲဆုံးပေါ့”
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့မှာ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ တစ်ခု အပါအဝင် လူနေအိမ် ၁၅ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး လက်ရှိ တီးတိန်မြို့မှာ ညနေ ၄ နာရီကျော်ရင် အပြင်မထွက်ရဲကြတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေနတ်သံတွေ မကဘဲနဲ့ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ တစ်နာရီဝန်း ကျင်လောက် ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်။ ညနေ ၄ နာရီခွဲ၊ ၅ နာရီ လောက်ဆိုရင် လူသွားလူလာက သိပ်ကို ရှားသွားပြီ။ ဆိုင်တွေလည်း ပိတ်ကြ တယ်။ အရင်တုန်းက ညနေ ၆ နာရီဆို ဆိုင်တွေဖွင့်တဲ့ဟာလည်းရှိတယ်။ လူသွား လူလာလည်း ရှိသေးတယ်။ မနေ့ကတော့ ၄ နာရီခွဲ၊ ၅ နာရီလောက်ကစပြီး လုံးဝကို တိတ်ဆိတ်သွားတယ်”
ဇွန်လ ၁၃ ရက် ည ၁၀ နာရီလောက်ကလည်း ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ ကျင်မွှာရပ်ကွက်မှာရှိတဲ့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေကလည်း ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးရှိနေပြီး ပြည်တွင်းမှာ တိမ်းရှောင်နေရသူ ငါးသောင်းကျော်နဲ့ တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကို ထွက်ပြေးရသူ လေးသောင်းကျော်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။