စစ်တွေမှာ အရပ်သား တစ်ရာခန့် ထပ်မံဖမ်းဆီးခံရ

RFA Burmese
2024.08.07
စစ်တွေမှာ အရပ်သား တစ်ရာခန့် ထပ်မံဖမ်းဆီးခံရ စစ်တွေဒေသခံများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက် (၁) က အရပ်သား ခုနစ်ဆယ်နီးပါးနဲ့ မကျည်းမြိုင်၊ မင်းဂံရပ်ကွက်တွေက အရပ်သား နှစ်ဆယ်ကျော်ကို သြဂုတ်လ ၅ ရက်နေ့ ညက စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကနေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ရခိုင်ပြည်နယ်တွင်း အခြားမြို့နယ်၊ ကျေးရွာတွေကနေ စစ်တွေမြို့မှာ အရင်ကတည်းက ပြောင်းရွှေ့နေထိုင်ကြသူတွေဖြစ်ပြီး စစ်ကောင်စီတပ်က ရုတ်တရက် ဧည့်စာရင်းစစ်ရာမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“စစ်တွေတစ်မြို့လုံးကို ဧည့်စာရင်းစစ်တယ်။ မသင်္ကာရင်ဖမ်းတယ်။ ဖမ်းတာကတော့ နေ့တိုင်းဖမ်းတာပဲ"

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး ဧည့်စာရင်းဝင်စစ်ချိန် တံခါးဖွင့်တာနောက်ကျလို့ ရိုက်နှက်ဖမ်းဆီးသွားတာရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်တွေ ဆတ်ရိုးကျကယ်ဆယ်ရေး ရပ်ကွက် (၁) က မိန်းမ၊ ယောက်ျားအားလုံးဖမ်းသွားတယ်။ လူအယောက် ခုနစ်ဆယ်လောက်ရှိမယ်။ ညည့်အချိန် ဖမ်းသွားတာပါ။ တံခါးဖွင့်တာ နောက်ကျလို့ဆိုပြီး ရင်ဘက်ကို သေနတ်ဒင်နဲ့ အထုခံရတာလည်းရှိတယ်။ ရင်ဘတ်တွေ အောင့်သွားတယ်။ တံခါးလည်းဖွင့်တော့ လူကိုပါ ဖမ်းခေါ်သွားတယ်။ တခြားရပ်ကွက်တွေကလည်း လူတစ်ဆယ်လောက် အဖမ်းခံရတယ်”

စစ်တွေဒေသခံများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်တွေဒေသခံများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်က ဗုဒ္ဓပြတိုက်အနီးမှာ ကင်းစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၃ ရက်နေ့က ဓားထိုးခံရပြီးနောက်ပိုင်း စစ်တွေမြို့ပေါ်မှာ အခုလို ဖမ်းဆီးလာတာလို့ ဆိုပါတယ်။ မင်းဂံ ရပ်ကွက်နဲ့ မကျည်းမြိုင်ရပ်ကွက်က ဒေသခံ နှစ်ဆယ်ကျော်လည်း ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံရသူ အားလုံးကို စစ်တွေမြို့ အမှတ် (၁) မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်တွေမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးခံနေရ

AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေဒေသခံ နှစ်ရာကျော် ဖမ်းဆီးတရားစွဲခံထားရ

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာနှိပ်စက်လို့ ဗျိုင်းဖြူရွာသားနှစ်ဦး သေဆုံး


စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေရှိတဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် ရပ်ကွက်တိုင်းကို စစ်ကောင်စီ တပ်က ဧည့်စာရင်းစစ်ဆေးပြီး မသင်္ကာရင် ဖမ်းဆီးနေတာလို့ စစ်တွေမြို့က ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ပါတယ်။

“အခု စစ်တွေတစ်မြို့လုံးကို ဧည့်စာရင်းစစ်တယ်။ မသင်္ကာရင်ဖမ်းတယ်။ ဖမ်းတာကတော့ နေ့တိုင်းဖမ်းတာပဲ။ အခု အဖမ်းခံရတာတော့ ၁၈၊ ၁၉ အရွယ်တွေများတယ်။ အသက် ၅၀ ကျော်တွေလည်း ပါတယ်။ သူတို့ မထင်ရင် မထင်သလိုဖမ်းတာပဲ”

စစ်တွေမြို့ကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်လာမှာကို စစ်ကောင်စီက စိုးရိမ်တာကြောင့် ခုခံကာကွယ်ဖို့အတွက် မြို့ပေါ်နဲ့ မြို့နယ်တွေမှာ စစ်ရေးပြင်ဆင်နေသလို တစ်ဖက်မှာလည်း အခုလို ဖမ်းဆီးစစ်ဆေးတာတွေ များလာတာလို့လည်း ဆိုပါတယ်။

စစ်တွေမြို့မှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ အခုလို လိုက်လံဖမ်းဆီးနေတဲ့လုပ်ရပ်ဟာ ဒေသခံတွေအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံ တစ်ဦးက RFA ကိုပြော ပါတယ်။

“သူတို့ကိုယ်သူတို့လည်း မလုံခြုံတော့တဲ့ အခြေအနေတစ်ရပ်ရှိနေပြီလို့ ယူဆရတာပေါ့နော်။ အဲဒီတော့ မလုံခြုံရင် မလုံခြုံသလောက် လူတွေကို ဒုက္ခရောက်အောင် လုပ်နေတယ်လို့ သုံးသပ်ရတာပေါ့။ သူတို့ကတော့ စစ်တွေမှာ AAတွေ စိမ့်ဝင်နေတယ်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ အမျိုးမျိုးလုပ်နေတဲ့သဘော ရှိတာပေါ့။ ဒေသခံတွေကတော့ အဘက်ဘက်က စိုးရိမ်ရတဲ့အခြေအနေတစ်ခု ရောက်နေတယ်လို့ သုံးသပ်ရမှာပေါ့”

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မေလ ၂၉ ရက်နေ့ကလည်း AA တပ်ဖွဲ့ဝင်တွေ ရှိတယ်ဆိုပြီး စစ်တွေမြို့အနီးက ဗျိုင်းဖြူရွာကို ရွာလုံးကျွတ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ရွာသား ခုနစ်ဆယ်ကျော် သေဆုံးခဲ့သလို ရွာသား ၁၄၀ ခန့်ကိုလည်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊(၂)တို့နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး တရားစွဲထားပါတယ်။

အခုလို စစ်တွေမြို့ပေါ်မှာ အရပ်သားတစ်ရာခန့် ထပ်မံဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေလကုန်ကနေစလို့ ဒီနေ့အထိ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက် ကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇(၁)၊ (၂) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူပေါင်း နှစ်ရာလောက် အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။