စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ပြည်တွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်လာ

RFA Burmese
2024.07.17
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ပြည်တွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်လာ ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီက ဆေးနဲ့ ဆေးဝါးတင်သွင်းခွင့်ကို တင်းကျပ်ထားတာ၊ နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်တာ စတဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ ဆေးဝါးတွေ ရှားပါးလာတယ်လို့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ဆရာဝန်တွေ၊ မြို့ခံတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သွင်းကုန်အားလုံးနီးပါး လိုင်စင်လျှောက်ထားပြီးမှသာ ခွင့်ပြုပေးတော့သလို အရင်က နှစ်ပတ်အတွင်း ခွင့်ပြုပေးလေ့ရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်းတင်သွင်းခွင့်ကို တစ်လကနေ လေးလကြာတဲ့အထိ စိစစ်နေတာကလည်း ဆေးပြတ်လပ်ရတဲ့အခြေအနေ ရောက်စေတယ်လို့ ဝေဖန်ကြပါတယ်။

ဆေးဝါးတင်သွင်းခွင့်ရဖို့ လနဲ့ချီ စောင့်ဆိုင်းရတာကြောင့် လိုအပ်ချက်ကို အလျင်မီအောင် ဆေးမှာလို့ မရတော့တာတွေ ကြုံနေရတယ်လို့ ရန်ကုန်မြို့က ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူ ကိုချစ်နိုင်က ပြောပါတယ်။

"အများဆုံးကြာရင် တစ်လလောက်ကြာတယ်၊ လေးလလောက်ကြာတယ်။ ပစ္စည်းရောက်ပြီဆိုရင် လှမ်းမှာလိုက်ရုံပဲ၊ နောက်တစ်ခေါက်ရောက်လာပြီ။ အခုက အဲလိုမဟုတ်တော့ဘူး။ အချိန်က အတိအကျလည်း မရှိတော့ဘူး။ ရမယ်ဆိုရင် တစ်နှစ်ကြိုမှာရမလား၊ ခြောက်လကြိုမှာရမလား၊ ဘယ်ချိန်လာပို့လို့ပို့မယ်မှန်းလဲ မသိရဘူး"

ဆေးရောင်းချခွင့်ကို ထိန်းချုပ်တဲ့နည်းတွေ မှားယွင်းနေတာကြောင့် ဆေးဝါးစျေးကွက်ဟာ အခုလို ကမောက်ကမတွေ ဖြစ်နေရတာလို့ ဆေးကုမ္ပဏီ တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက "ဒီသုံးနှစ်အတွင်းမှာ အရင်တုန်းက မပျက်ဘူးဆိုတာက ကန့်သတ်ချက်တွေ မရှိဘူးလေ။ ကိုယ့်ဘာသာ အပြင်ကနေ ဒေါ်လာဝယ်ပြီး သွင်းလို့ရတယ်။ ကိုယ်လိုအပ်တာဖြည့်ပြီး သွင်းလို့ရတယ်။ အခုက ကုမ္ပဏီတစ်ခုကို ဒေါ်လာငါးသောင်းဖိုးပဲ သွင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိလာတယ်။ စျေးကြီးပြီး အမြတ်နည်းတဲ့ ရှားပါးဆေးတွေကို မမှာကြတော့ဘူး။ ဒါကြောင့် ဆေးတွေက ဆိုင်တွေမှာ ပြတ်နေတာပါ" လို့ ပြောပါတယ်။

ဆေးဝါးဖြန့်ဖြူးရောင်းချသူတချို့ ပြောပြချက်အရ စစ်ကောင်စီခွင့်ပြုချက်နဲ့ မဟုတ်ဘဲ တရားမဝင်လမ်းကြောင်းတွေနဲ့ တင်သွင်းနေတဲ့ဆေးဝါးတွေ ရှိပေမဲ့လည်း လက်ရှိ နိုင်ငံအနှံ့ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။

"အာဏာမသိမ်းခင် ၂၀၂၀ မှာ ပါရာစီတမော ချိုင်းနား (တရုတ်ထုတ်) တစ်ကတ်ကို သုံးရာရှိတယ်။ အခု ပါရာစီတမော ချိုင်းနားတစ်ကတ်ကို ၁၂၀၀ ရှိတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ၁၅၀၀ ဖြစ်သွားပြီ"

တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့တာတွေ၊ သယ်ယူပို့ဆောင်ခတွေ မြင့်တက်သွားတာတွေကြောင့်လည်း ဆေးဝါးစျေးနှုန်းတွေက ပုံမှန်စျေးထက် သုံးဆကနေ ငါးဆအထိ တက်သွားတယ်လို့ ရန်ကုန်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"အာဏာမသိမ်းခင် ၂၀၂၀ မှာ ပါရာစီတမော ချိုင်းနား (တရုတ်ထုတ်) တစ်ကတ်ကို သုံးရာရှိတယ်။ အခု ပါရာစီတမော ချိုင်းနားတစ်ကတ်ကို ၁၂၀၀ ရှိတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ၁၅၀၀ ဖြစ်သွားပြီ။ သုံးရာတန်ဆေးသည် ၁၅၀၀ ဖြစ်သွားတယ်ဆိုတော့ ငါးဆ တက်သွားတယ်ပေါ့"

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ရစဥ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ရစဥ်။ (Photo: RFA)

အခု ပြည်တွင်းဆေးဝါးစျေးကွက်မှာ အခြေခံ အိမ်သုံးဆေးဝါးတွေကို မရရတာ ဝယ်ရတဲ့ အခြေအနေ ရောက်နေပါတယ်။

ရန်ကုန်မြို့က ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူ ကိုချစ်နိုင်က "စားသုံးသူတွေက ဆေးကိုရွေးချယ်ဝယ်ဖို့ နည်းသွားပါပြီ။ အရင်တုန်းကဆိုရင် ဒီတံဆိပ်မှ ဒီဆေးမှ အစွဲရှိတယ်။ ပါရာစီတမောဆိုရင် ဘိုင်အိုဂျက်ဆစ် သောက်ခဲ့တဲ့သူတွေက ဒီကိုဂျင် သွားပေးရင်မယူကြဘူး၊ ဘိုင်အိုဂျက်ဆစ်ပဲ ကြိုက်တာ။ ဘိုင်အိုဂျက်ဆစ်က ပြတ်နေတာ၊ အတူတူပဲလို့ပြောရင် မယူဘူး။ အခုကျတော့ ပါရာဖြစ်ရင်ပြီးရော ဆိုပြီး ယူနေရပြီ" လို့ ပြောပါတယ်။

ဆီးချို၊ ကျောက်ကပ်၊ သွေးတိုး စတဲ့ ရောဂါတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ ဝယ်မရတဲ့အထိ ပြတ်လပ်နေတာကြောင့် ဒီရောဂါသည်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။


ဆက်နွှယ်သောသတင်းများ

ကျောက်ကြီးနဲ့ လောင်းလုံးမှာ ဝမ်းရောဂါဖြစ်နေပြီး ဆေးဝါးမလုံလောက်မှုနဲ့ ကြုံနေရ

ဆေးဝါးတွေ ဈေးနှစ်ဆတက်လာလို့ ပြည်သူလူထု အခက်တွေ့

ရခိုင်မှာ ဆေးဝါးသယ်ယူခွင့် ပိတ်ခံထားရလို့ ဆေးဝါးပြတ်လပ်မှုကြုံနေရ


ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေတဲ့ မဇာခြည်ဦးကလည်း ဆီးချိုရောဂါသည် မိခင်အတွက် ဆေးဝယ်ရ ခက်ခဲနေပါတယ်။

"ဆေးတွေက ပြတ်နေတာလား၊ ထိန်းချုပ်ထားတာလားတော့ မပြောတတ်ဘူး။ ကျွန်မအမေရဲ့ ဆီချို၊ သွေးတိုးအတွက် ပြနေကျဆေးခန်းမှာ ဆေးသွားဝယ်တာ မရတော့ဘူး။ မရှိတော့ဘူးလို့ ပြောလွှတ်လိုက်တယ်။ တခြား ဆေးရုံ၊ ဆေးခန်းတွေမှာလည်း တော်ရုံနဲ့မရဘူး။ ဒါပေမဲ့ အသိဆရာဝန်ကို အကူအညီတောင်းမှ ဆေးကို ထုတ်ရောင်းပေးတယ်။ အခုအချိန်မှာ ပိုက်ဆံရှိလည်း တော်ရုံ ဝယ်လို့မရတော့ဘူး။ အကပ်တွေနဲ့မှပဲ ဝယ်လို့ရတော့တာ။ ကိုဗစ်တုန်းက ဖြစ်နေသလိုပဲ၊ ပိုက်ဆံရှိတိုင်းလည်း အသက်မကယ်နိုင်တော့သလိုပေါ့။ ဆေးပြတ်တာကတော့ တော်တော်ပြတ်နေပါတယ်"

ဆေးဝယ်ရခက်တဲ့ အခုလို အခြေအနေကနေ ဆေးတွေ လုံးဝပြတ်သွားပြီဆိုရင် သူ့ရဲ့မိခင်အတွက် အသက်ဆုံးရှုံးနိုင်တဲ့အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲ၊ အသက်လုရတော့မယ့် အခြေအနေ ရောက်ပြီဆိုရင် သေချာပါတယ်၊ ငွေရှိလည်း မရပါဘူး။ ငွေမရှိလည်း မရပါဘူး"

နိုင်ငံခြားငွေလိုအပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီက ပြည်ပကို ဒေါ်လာမစီးဆင်းဆောင် ဆေးနဲ့ ဆေးပစ္စည်း တင်သွင်းခွင့်ကို ကန့်သတ်ထိန်းချုပ်ထားတဲ့အချိန်မှာ ဆေးကုမ္ပဏီတချို့ကလည်း ဆေးဝါးတွေကို မရောင်းဘဲ အရောင်းပိတ်ထားတာတွေလည်း ရှိတယ်လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"မရှိတော့ဘူး၊ ပိုက်ဆံပေးပြီး ငါဝယ်မယ်၊ မရ ရအောင် ဝယ်ပါမယ်ဆိုရင်တောင် ကုမ္ပဏီကိုယ်တိုင်က ပိတ်ထားတာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲ၊ အသက်လုရတော့မယ့် အခြေအနေ ရောက်ပြီဆိုရင် သေချာပါတယ်၊ ငွေရှိလည်း မရပါဘူး။ ငွေမရှိလည်း မရပါဘူး"

အိမ်သုံးအခြေခံဆေးဝါးတွေနဲ့ ဆီးချိုဆေးလို အရေးကြီးဆေးဝါးတွေ ပြတ်လပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ့ဆေးဝါးလုပ်ငန်း (BPI) မှာ ဆေးဝါးမလုံလောက်တော့တာကြောင့် ပြည်ပကနေ နှစ်တိုင်း တင်သွင်းနေရတဲ့အတွက် ပြည်ပကနေ ဆေးဝါးကုန်ကြမ်းတွေ တင်သွင်းပြီး ပြည်တွင်းစက်မှုလုပ်ငန်းတွေကနေ ဆေးဝါးတွေ လုံလုံလောက်လောက်ထုတ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။

လက်တွေ့မှာတော့ ပြည်တွင်းဆေးဝါးလိုအပ်ချက်ကို အလျင်မီအောင် မတင်သွင်းနိုင်တော့တာကြောင့် နာတာရှည်ရောဂါဝေဒနာရှင်တွေ၊ အသက်ကြီးသူတွေနဲ့ ကလေးသူငယ်တွေအပြင် အရေးပေါ် ဆေးဝါးလိုအပ်သူတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။