ဆန္ဒပြကျောင်းသားတွေအရေး အစိုးရရဲ့ ကြေညာချက် လူထုအမြင်

2015-02-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချီတက်ဆန္ဒပြနေတဲ့ကျောင်းသားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ဆောင်ရွက်နေမှုတွေ အားပေးအားမြှောက်ပြုနေတဲ့ အဖွဲ့အစည်းတွေရှိနေတယ်လို့ စွပ်စွဲထားတဲ့အစိုးရ ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး အလွှာစုံကလူထုရဲ့အမြင်ကို မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကျောင်းသားတွေတောင်းဆိုတဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး မအောင်မြင်တဲ့အတွက် မန္တလေးကချီတက်လာ တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန်ကိုဆက်လက်ချီတက်လာသလို အနယ်နယ်အရပ်ရပ်က ကျောင်းသားသမဂ္ဂတွေကလည်း ပင်မသပိတ်စစ်ကြောင်းနဲ့ ရန်ကုန်မှာပူးပေါင်းဖို့ ချီတက်လာနေကြပြီဖြစ်ပါတယ်။

အဲ့လိုအချိန်မျိုးမှာ အစိုးရက ကျောင်းသားလှုပ်ရှားမှုတွေရဲ့နောက်ကွယ်မှာ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို အကြောင်းပြုပြီး ဆူပူမှုတွေဖြစ်လာအောင် ကျောင်းသားလူငယ်တွေကို အသုံးချပြီးတော့ ကျောင်းသားအမည်ခံ တဲ့သူတွေ၊ နောက်ကွယ်ကနေ ကြိုးကိုင်ဆောင်ရွက်နေသူတွေ၊ အားပေးအားမြောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတချို့တွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲလိုက်ပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ လူတွေအနေနဲ့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်ကြောင့် ကျောင်းသားထုကြားမှာရော ပြည်သူတွေကြားမှာပါ ကျောင်းသားသပိတ်အပေါ် အစိုးရက ကိုင်တွယ်မယ့်ပုံနဲ့ပတ်သက်ပြီး ဆူဆူညံညံပြောလာကြပါတယ်၊ ရန်ကုန်မြို့က ကျောင်းသားမိဘ တစ်ယောက်ဖြစ်တဲ့ ဒေါ်လဲ့လဲ့ဝင်းမာက အဲ့ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဒါမျိုးဟာ အစိုးရရဲ့ လုပ်နေကျ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်လဲ့လဲ့ဝင်းမာ။                 ။အစိုးရက နောက်ကွယ်ကနေကြိုးကိုင်တဲ့သူ ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကတော့ ဟိုးအရင်အဆက်ဆက် ဘယ်လိုဆန္ဒပြမှုတွေပဲဖြစ်ဖြစ်၊ ဘယ်လိုသပိတ်တွေပဲဖြစ်ဖြစ်၊ ဘယ်လိုကန့်ကွက်မှုတွေ ပဲဖြစ်ဖြစ် ဆန့်ကျင်မှုတစ်ခုပေါ်လာတိုင်း နောက်ကွယ်မှာကြိုးကိုင်တဲ့လူရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ ကပ်လျက် တွဲလျက်ပါလာတာပဲ၊ အဲ့ဒါကတော့ ထုံးစံလိုဖြစ်နေပြီလေ၊ အဲ့အတွက်ကတော့ စိတ်ထဲမှာ ဘယ်လိုမှမရှိတော့ဘူး၊ ဒါကို ယုံကြည်ရမလား၊ မယုံကြည်ရဘူးလားဆိုတာ လူထုတွေလည်းသိနေပြီ၊ ကျောင်းသားတွေလည်းသိနေပြီ၊ မိဘတွေအနေနဲ့လည်း ကိုယ်တိုင်ခံစားချက်နဲ့သိနေကြပြီ၊ တွေးကြည့်တာနဲ့ပဲသိနေပြီ ဒီလိုပဲလာမယ်ဆိုတာကလေ၊ ထုံးစံလည်းဖြစ်နေပြီပေါ့၊ ကျောင်းသားတွေကတော့ သူတို့အမှန်တရားဖက်က အမြဲတမ်းရှိနေတယ်လို့ ကိုယ်ကယုံ ကြည်တယ်လေ၊ တကယ်ကျောင်းသားအစစ်အမှန်၊ တကယ်စိတ်ရှိတဲ့လူတွေမှန်သမျှ စနစ်ကြီးတစ်ခုလုံးကို ပြောင်း လဲစေချင်တာလေ၊ ပညာရေးစနစ်မကောင်းဘူးဆိုတာလည်း အားလုံးသိနေတယ်၊ ကျောင်းသားတွေ ကိုယ်တိုင် လည်းသိနေတယ်၊ မိဘတွေကိုယ်တိုင်လည်း သိနေတယ်၊ ရုန်းမထွက်နိုင်တာနဲ့ပဲ သံသရာလည်နေရတယ်၊ အဲ့အတွက် အမြဲတမ်းရုန်းထွက်ဖို့ ကြိုးစားနေတယ်၊ အဲ့ဒါကျောင်းသားတွေက တာဝန်တရပ်လို အမြဲတမ်း ထမ်းဆောင်နေရတဲ့အရာပဲ။

ရန်ကုန်တက္ကသိုလ်ရဲ့ မြန်မာစာဌါန လက်ထောက်ကဓိကဟောင်း တစ်ယောက်ဖြစ်တဲ့ ဆရာဝင်းမောင်ကတော့ အစိုးရအနေနဲ့ လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းသင့်တယ်လို့ပြောပါတယ်။

ဆရာဝင်းမောင်။                  ။အစိုးရရဲ့ ကြေညာချက်ဆိုတာက တဖက်သက်ကြေညာသလိုပဲ၊ စိန်ရတုမှာတွေ့ တယ်၊ တွေ့တော့လည်း အဲ့ဒီမှာ အဖြေမပေါ်ဘူး၊ နေပြည်တော်ကိုခေါ်တယ်၊ နေပြည်တော် ရောက်ပြန်တဲ့အခါ လည်း ကလေးတွေကို တမင်ခေါ်နှိပ်စက်သလို လုပ်ခဲ့တယ်လေ၊ အဲ့ဒီတော့ အခု သူတို့ဘယ်လိုပဲ သဘောထား ထုတ်ပြန်ထုတ်ပြန် ရိုးသားစစ်မှန်တဲ့ ထုတ်ပြန်ချက်လို့ မမြင်ဘူး၊ ဘယ်သူမှမမြင်ဘူး အဲ့ဒါကတော့အားလုံးက၊ တကယ်ဆိုရင် လူကြီးလူကောင်းပီပီသသ ဖြေရှင်းမယ်ဆိုရင် ဒါအလွယ်လေးပါပဲ၊ ကျောင်းသားတွေကလည်း ညှိလို့မရမယ့် ကလေးတွေလည်း မစုတ်ဘူး၊ ညှိလို့ရမယ့်အနေအထားမှာလည်း အကုန်လုံးရှိတယ်၊ အဲ့ဒီတော့ အဲ့နည်းကိုမသုံပဲနဲ့ ဘာကြောင့် အခုလိုနည်းကို လုပ်နေတာလဲဆိုတာ စဉ်းစားစရာရှိတယ်။

ပုသိမ်မြို့မှာ နေထိုင်တဲ့ ကဗျာဆရာ မောင်အောင်ပွင့်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုအနေနဲ့မြင့်မြင့်မားမားနဲ့ စဉ်းစားဖို့လိုပြီလို့ ပြောပါတယ်။

ကဗျာဆရာ မောင်အောင်ပွင့်။           ။ကျောင်းသားကိစ္စ ဒါဟာ မိဘရင်သွေးတွေပဲ၊ လူထုရဲ့ရင်သွေးတွေ၊ လူထု ရဲ့မပါပဲတော့ ဘယ်နေလို့ဖြစ်မလဲ၊ လူထုနဲ့ကန့်လိုက်လို့ ဘယ်ရမလဲ၊ လူထုရှိလို့ ကျောင်းသားရှိတယ်၊ ကျောင်းသား ရှိလို့ လူထုရှိတယ်၊ ဒါခွဲခြားပြီးပြောနေရင်တော့ သက်သက်မဲ့ အကုန်လုံးရှည်ဝေးနေတာပေါ့၊ ထိထိရောက်ရောက်ဖြစ်အောင် ရည်ရွယ်ချက်တွေကိုသိအောင် အားလုံးစိတ်ရှည်ပြီး ယဉ်ကျေးမှုမြင့်မြင့်မားမားနဲ့ လူကြီးတွေ စဉ်းစားဖို့လိုပြီ။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးများ ဖွဲ့ဖြိုးရေးသိပ္ပံ နည်းပြဟောင်းလည်းဖြစ်သလို လက်ရှိအလွတ်သင်ဆရာလည်းဖြစ်၊ လူမှုရေးဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဆရာ ဦးထွန်းမင် ကတော့ ကျောင်းသားတွေဟာ ပန်းတိုင်ရောက်အောင် ဆက်လက်ချီတက်သင့်တယ်လို့ ပြောပါတယ်။

ဆရာ ဦးထွန်းမင်။                ။အခုကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြဌါန်းတဲ့အခါမှာ မလွတ် လပ်တဲ့သဘောတွေတွေ့တယ်၊ သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့လုပ်ရမယ့် အလုပ်တွေအတွက် ခွင့်မပြုတာတွေ ကိုတွေ့တယ်၊ ဆိုတော့ ဒီဟာနဲ့ပတ်သက်လို့ သူတို့တောင်းဆိုတာနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ကတော့လေ လုံးဝထောက်ခံတယ်၊ ကျောင်းသားတွေက ဒီဟာကို ကျနော်တို့ ဆက်ပြီးမှလုပ်ကြရမယ်၊ နိုင်ငံအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကျောင်းသားတွေ ဒီဟာကို ဆက်ချီတက်သင့်တယ်၊ မဟုတ်ရင် ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးမှာပဲ။

လောလောဆယ်မှာတော့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ လူထုကြားမှာ အစိုးရရဲ့ ကြေညာ ချက်ကြောင့် ကျောင်းသားတွေအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ကြည့်နေကြသူတွေရှိသလို ကျောင်းသား ထုကိုဝန်းရံဖို့ ပြင်ဆင်နေကြသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့