မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

RFA Burmese
2025.02.02
မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ မြင်းခြံမြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဥ်။
Facebook/Ko Nway Oo-Myaung

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက် ရှစ်မိုင်နီးပါးက တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ MI35 ရဟတ်ယာဥ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောကြပါတယ်။

“ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ MI35 ရဟတ်ယာဥ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်”

ဒါကြောင့် တော်လှန်ရေးတပ်ဘက်က တစ်ဦးနဲ့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသလို အရပ်သားတွေရော တော်လှန်ရေး တပ်သားတွေပါ ဒဏ်ရာရတဲ့သူတွေလည်းရှိပြီး အိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

သေဆုံးတဲ့ဒေသခံက အသက် ၄၀ အရွယ် အမျိုးသမီးဖြစ်ပြီး အရပ်သားခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၂) တာဝန်ရှိသူ ကိုကျော်ကြီးက ပြောပါတယ်။

“အမျိုးသမီးတစ်ယောက်ကတော့ ဇက်လောက်ကနေ မေးရိုးကိုရှပ်ပြီး ထိသွားတာ။ အဲဒါကတော့ ကျွန်တော်တို့သယ်ဆောင်လာတဲ့အချိန်မှာ ဇက်ကျိုးကျသွားပြီးတော့ ကုသမဲ့နေရာ မရောက်တစ်ရောက်မှာပဲ သေဆုံးသွားရတယ်”

တော်လှန်ရေးတပ်တွေဘက်က ဘယ်နှစ်ဦး ဒဏ်ရာရလဲ ဆိုတဲ့အသေးစိတ်ကိုတော့ လောလောဆယ်မှာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက် နှစ်ဆယ်ကျော် သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးတာမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးတာများတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

မြင်းခြံမြို့နယ်မှာ ကျေးရွာ ပကဖရုံး ဗုံးကြဲခံရပြီး လူ ၁၉ ဦး သေဆုံး

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ

စဉ့်ကူးပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်


တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုတာမရှိပါဘူး။

တလုပ်မြို့ကျေးရွာမှာ လူဦးရေ တစ်သောင်းကျော် နေထိုင်ပြီး လောလောဆယ်မှာ အဲဒီလူတွေအားလုံး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် တိုက်ပွဲကြောင့် ဗုံးခိုကျင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ (Facebook/Ko Nway Oo-Myaung Photo)
မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် တိုက်ပွဲကြောင့် ဗုံးခိုကျင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ (Facebook/Ko Nway Oo-Myaung Photo)

စစ်ကောင်စီတပ်အနေနဲ့ မြင်းခြံမြို့အပေါ်အထိ တိုက်ပွဲတွေ ရောက်မလာနိုင်အောင် အပြင်းအထန် ခုခံနေတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

“တလုပ်က ဒါမြင်းခြံရဲ့အနောက်ဘက်အခြမ်းနဲ့ အနောက်မြောက်အခြမ်းဆိုရင် ဝင်ပေါက်ဖြစ်နေတယ်။ ခံစစ်လိုမျိုးဖြစ်နေတော့ သူတို့ အဲဒီမှာ အထိုင်ချထားတာလည်း သုံးနှစ်လောက် ရှိပြီ။ အဲဒါကြောင့် ဝင်တိုက်တယ်ဆိုတာထက် နောက်ဆုံးမှာ မြင်းခြံမြို့အထိပါ သိမ်းဖို့ တော်လှန်ရေးအင်အားစုတွေက ရည်ရွယ်ထားတာဆိုတော့ဗျာ၊ တစ်ချိန်တည်းမှာ မြို့ကိုသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ မြို့ကိုသိမ်းဖို့ အရှေ့ကဟာတွေကို ရှင်းပြီးသိမ်းသွားရမှာ အဲဒီသဘောပါပဲ”

တလုပ်မြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် မိတ္ထီလာတပ်နယ်က စစ်အင်အားတွေ ထပ်ဖြည့်ပြီး ထိုးစစ်ဆင်တာတွေ ပိုလုပ်လာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“တလုပ်မြို့ဟောင်းရွာ တိုက်ပွဲဟာ ခဲယမ်းအနေအထားရယ်၊ လေကြောင်း ပစ်ကူရယ်ကြောင့်သာ ပြန်ပြီးတော့ ဆုတ်ခွာလာရတာပေါ့နော်။ ဒါပေမဲ့ အခု တော်လှန်ရေး အင်အားစုတွေကြောင့် အထိနာသွားတယ်ဆိုတော့ စစ်တပ်ကလည်း မိတ္ထီလာ၊ မြင်းခြံနယ်ထဲမှာကိုပဲ တပ်မ ၉၉ ရဲ့ အရန်တပ်ရင်း နှစ်ရင်း ရှိနေသေးတယ်။ အဲဒီအရန် တပ်ရင်းနှစ်ရင်းနဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကို ပြန်ပြီး တိုက်စစ်ဆင်လာနိုင်တဲ့ အနေအထားမျိုးလည်း ရှိပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီရွာမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အားငါးဆယ်ကျော် တပ်စခန်းချထားပါတယ်။ အဲဒီနေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ဆယ်ဖွဲ့နီးပါးက အင်အား ရှစ်ဆယ်ကျော်နဲ့ မနေ့မနက်က တစ်ပြိုင်နက်တည်း ဝင်တိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။