ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
2025.05.05
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေနဲ့ လက်ရှိသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ မေလ ၄ ရက် တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ဒေသတွေကနေဆုတ်ခွာပေးဖို့ စစ်ကောင်စီက တောင်းဆိုနေပြီး ဒါကိုလိုက်လျောမှာမဟုတ်ဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“ကျွန်မတို့ဘက်ကပြောနိုင်တာက စစ်ကောင်စီဘက်ကတောင်းဆိုတဲ့ မိုးကုတ်နဲ့အခြားမြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးဖို့ဆိုတာကို ကျွန်မတို့ဘက်က သဘောမတူနိုင်ပါဘူး။ ပြန်လည်ဆုတ်ခွာတာမျိုးတွေလည်းမရှိသေးဘူး။ အဲတော့ ကျွန်မတို့ပြောနိုင်တာက ကျွန်မတို့ရဲ့ ရပ်တည်ချက်အတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ်”
TNLA ရဲ့ ရပ်တည်ချက်လိုလားချက်တွေက နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာအပစ်ရပ်ထားဖို့၊ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေရပ်စဲထားဖို့နဲ့ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့်ပြုဖို့ပဲ ဖြစ်တယ်လို့ဆိုပါတယ်။
TNLA/ PSLF တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတာပန်လကလည်း TNLA အနေနဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီထံ ပြန်ပေးဖို့မရှိသေးဘူးလို့ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးကို RFA က ဆက်လက်မေးမြန်းရာမှာ TNLA က နောက်ဆုတ်မပေးခဲ့ရင် စစ်ရေးဖိအားတွေပိုခံလာရနိုင်တယ်လို့ပြောပါတယ်။
“သူအခုအချိန်မှာ လက်ခံလိုက်ရင်သက်သာမယ်။ အခုအချိန်မှာ လက်မခံလိုက်လို့ရှိရင် သူအကုန်ပြုတ်သွားမှာပေါ့နော်။ အဲလိုသွားမြင်တယ်။ စစ်တပ်က အောင်မြင်နိုင်ခြေအများကြီးရှိတယ်။ အမှန်အတိုင်းပြောလို့ရှိရင် အခုထက်ထိ TNLA ဌာနချုပ်ကို ဗုံးကြဲတယ်ဆိုတာ ကျွန်တော်တို့ မကြားသေးဘူးလေ။ စစ်တပ်က အတွင်းပိုင်းမှာလေ၊ သူက နယ်စပ်ကိုမှီပြီးရပ်တည်ရတဲ့အဖွဲ့မဟုတ်ဘူး။ ပြောရလို့ရှိရင် ဖိအားတော့အပေးခံရမှာပေါ့နော်”
TNLA/PSLF ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလ ၂၈ နဲ့ ၂၉ ရက်နေ့တွေက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
TNLA အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ဒေသတွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြိုနယ်တွေထဲကို ပြန်လည်ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က တောင်းဆိုရာကနေ ဆွေးနွေးပွဲမအောင်မြင်ဖြစ်ခဲ့ရတာလို့ TNLA က မေလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေအပြင် ထိုးစစ်ဆင်မှုတွေကိုပါရပ်ဆိုင်းထားဖို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ဖို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကိုးကန့်တပ် MNDAA လို အပစ်အခတ်ရပ်စဲရေးပြုလုပ်နိုင်ဖို့အတွက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြုလုပ်ပြီး ကြိုးပမ်းဖို့ ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။
နောက်တစ်ကြိမ်ဆွေးနွေးပွဲကို လာမဲ့ဩဂုတ်လမှာပြုလုပ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တရုတ်နိုင်ငံဟာ သူတို့နဲ့နယ်မြေနဲ့ထိစပ်နေတဲ့ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် အခုလိုကြားဝင်ဆောင်ရွက်နေတာဖြစ်ပြီး TNLA ကိုလည်း ဖိအားပေးတာတွေ ဆက်တိုက်ရှိနေတယ်လို့ TNLA/PSLF တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတာပန်လက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“ခြိမ်းခြောက်မှုက ရှိတယ်လို့ပြောရပါမယ်။ ဟိုတစ်လောကလည်း ရွှေလီအစိုးရဆီက ပေးပို့တဲ့စာကိုလည်း အားလုံးမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။ အဲဒါတင်မကပါဘူး၊ ကျွန်တော်တို့ နှုတ်နဲ့ရော အခြားနည်းလမ်းတွေနဲ့ရော ခြိမ်းခြောက်မှုဆိုတာထက် ဖိအားပေးမှုတွေ ပုံမှန်တော့ရှိနေပါတယ်”
တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသ၊ ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်နဲ့ တရုတ်အကျိုးစီးပွားရှိတဲ့နေရာတွေမှာ တိုက်ပွဲဖော်ဆောင်တာမလုပ်ဖို့ တရုတ်နိုင်ငံဘက်က တောက်လျှောက်ဖိအားပေးပြောဆိုနေတာလို့ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း တစ်လ ထပ်တိုး
တော်လှန်ရေးအောင်ပွဲရတဲ့အထိ စည်းလုံးညီညွတ်ကြမယ်လို့ ညီနောင်အဖွဲ့ ကတိပြု
လက်ရှိမှာ TNLA ထိန်းချုပ်တဲ့ဒေသတွေကို စစ်ကောင်စီဘက်ကရော တရုတ်နိုင်ငံဘက်ကပါ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆိုဖြတ်တောက်ထားပြီး ဒါဟာပြည်သူလူထုကိုပဲ အခက်အခဲဖြစ်စေတယ်လို့ ဗိုလ်မှူးကြီးတာပန်လကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အခုသတင်းထုတ်လွှင့်တဲ့အချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့နယ်တွေကိုတွေကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က မေလ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ထိခိုက်မှု အခြေအနေအသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူလူထုကို ဦးတည်တိုက်ခိုက်နေတာဖြစ်လို့ အားလုံးသတိပြုရှောင်ရှားကြဖို့ ကိုလည်း TNLA က တိုက်တွန်းထားပါတယ်။
TNLA အနေနဲ့ မြန်မာနိုင်ငံမှာလက်ရှိကြုံနေရတဲ့ ငလျင်ဘေးကြောင့် မေလကုန်အထိ တစ်ဖက်သတ်အပစ် အခတ်ရပ်စဲထားတဲ့အတွက် စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
TNLA ဟာ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ကွတ်ခိုင်အပါအဝင် မြို့ ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။