စစ်ကောင်စီနဲ့တွေ့တဲ့ ကုလအကြီးအကဲခရီးစဉ် ပြစ်တင်ရှုတ်ချခံရ

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရင်အပတ်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ကုလအကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓာတ်ပုံရိုက်ပြီး သူတို့ပိုင် မြန်မာ့အလင်းသတင်းစာမျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စကို မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေး ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးကွပ်မျက်မှုကို ခံခဲ့ရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း တော်လှန်ရေးနယ်မြေတစ်နေရာမှာ လှုပ်ရှားနေတဲ့ မနီလာသိန်းက UNOCHA အနေနဲ့ တကယ် ဒုက္ခရောက်နေသူတွေကိုကူညီဖို့လိုတယ်။ သူတို့အနေနဲ့ အခုအချိန်အထိ ကုလအဖွဲ့အစည်းတွေထံကနေ အကူအညီတစ်စုံတရာ မရရှိခဲ့ဖူးပါဘူးလို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမြေလတ်ပိုင်းရှိ 96 Soldiers တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကလည်း သူတို့ဒေသမှာ အိမ်မီးရှို့ခံရသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေအားလုံး ပြည်သူ့အားနဲ့ပဲ အခက်အခဲတွေကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

UNOCHA အနေနဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ အသုံးချမှုကို ရှောင်ရှားပြီး မြန်မာပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်ပူးပေါင်းပြီး မြန်မာပြည်သူတွေကို ကူညီပါလို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့ ၅၁၄ ဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အမှန်ပကတိမှာ အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေထံကို အကူအညီတွေပေးလို့မရအောင် ကန့်သတ်ပိတ်ပင်နေတဲ့အပြင် မြန်မာပြည်သူတစ်ရပ်လုံးကို ဆင်းရဲဒုက္ခကပ်ဘေးဆိုက်အောင်ပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အိုးအိမ်တွေ မီးရှို့မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှု စတာတွေကို ကျယ်ကျယ်ပျံ့ပျံ့နဲ့ သေသေချာချာ စနစ်တကျ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံတာဟာ လူမှုပဋိပက္ခတွေ ပိုမိုကျူးလွန်အောင် အားပေးအားမြှောက်ပြုရာကျပါလိမ့်မယ်၊ အဲဒါဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ UNOCHA ရဲ့ မူနဲ့ဆန်ကျင်နေပါတယ်လို့ ဒီကြေညာချက်ထုတ်ပြန်ရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ မခင်ဥမ္မာက RFA ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်ခြားဒေသတွေမှာ ဒုက္ခသည်တွေကိုကူညီနေတဲ့ အဖွဲ့အစည်းတွေကလည်း UNOCHA အဖွဲ့ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ကရင်ပြည်နယ်တစ်ခုလုံးမှာ ဒုက္ခသည်စခန်းတွေရှိနေတယ်လို့ ပြောပါတယ်။

UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths ၂၀၂၂ ဧပြီလ ၁၈ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (Photo : Reuters)
U.N. humanitarian affairs chief Martin Griffiths gives update on Ukraine UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths ၂၀၂၂ ဧပြီလ ၁၈ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ (Photo : Reuters) (EDUARDO MUNOZ/REUTERS)

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံဌာနခွဲခေါင်းဆောင် ကိုဝင်းထွေးကလည်း ထိုင်းနယ်ခြားဒေသတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေထောင်ပေါင်းများစွာ အခက်ကြုံနေရတယ်လို့ ပြောကြားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ UNOCHA ကုလအဖွဲ့အကြီးအကဲနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NUG ပြောခွင့်ရ ကိုနေဘုန်းလတ်က ကုလအကြီးအကဲကို သူတို့ပွင့်ပွင့်လင်းလင်း တင်ပြခဲ့တယ်လို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတစ်ရပ်လုံး အခုလိုဒုက္ခရောက်နေရခြင်းရဲ့ အဓိကတရားခံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီသာဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြတ်ပြတ်သားသားရှုမြင်ပြီး လက်တွေ့ကျကျဆောင်ရွက်ဖို့ အရေးကြီးပါတယ်လို့လည်း ကိုနေဘုန်းလတ်က ပြောပါတယ်။