ဒုက္ခသည် တစ်သိန်းခွဲအရေး အလေးအနက်ထားသင့်ပြီ

2019-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ တနေ့တခြား တိုးပွားများပြားလာနေတဲ့  စစ်ဘေးဒုက္ခသည်တွေဟာ တစ်သိန်းခြောက်သောင်းကျော်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် ဒုက္ခသည်စခန်းတွေမှာ နေလာကြတာ ၇ နှစ် ၈ နှစ် ရှိနေပြီလို့ ပြောကြပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ စစ်ဘေးဒဏ် ရင်မဆိုင်နိုင်လို့ ပြေးခဲ့ရတာ အခု ပြန်သွားရင်တောင် အိုးအိမ်သစ် ဘယ်လိုထူထောင်ရမှန်းမသိ၊ ဘာလုပ်စားရမှန်းမသိလို့လည်း ဆိုကြပါတယ်။

သူတို့တွေရဲ့ စားဝတ်နေရေးပြဿနာတွေကို အာဏာပိုင်တွေဘက်က ပေါ့ပေါ့တန်တန်မထားဘဲ တနည်းတဖုံ ကူညီဖြေရှင်းပေးဖို့ လိုအပ်နေပြီလို့ RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒုက္ခသည် တစ်သိန်းခွဲအရေး အလေးအနက်ထားသင့်ပြီ

(ခင်မောင်ညိန်း)

■ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ချမှတ်ကျင့်သုံးပြီး အရပ်သားအစိုးရ အုပ်ချုပ်နေပြီ ဆိုပေမယ့် အေးချမ်းသာယာ ရှိနေပြီလားဆိုတဲ့ အမေးကိုတော့ အဖြေရခက်ပါလိမ့်မယ်။ မြို့ကြီးပြကြီးတွေမှာ စားကြသွားကြ ပျော်ပါးနေနိုင်ပေမယ့် နယ်စွန်နယ်ဖျားရပ်ဝေးဒေသတွေမှာ  စစ်ပြေးဒုက္ခသည်တွေ စစ်ဘေးရှောင် တိုင်းရင်းသားတွေအကြောင်း သတင်းတွေ ထွက်ပေါ်နေတာ နေ့စဉ်နဲ့အမျှ ဆိုသလို ကြားနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကချင်ပြည်နယ်မှာ  အစိုးရနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်စလာတဲ့အတွက်ကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးရပြီး စစ်ရှောင်စခန်းတွေမှာ သွားနေရတာ ၈ နှစ်ပြည့်သွားပြီလို့ အထိမ်းအမှတ်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ အိမ်ပြန်ချင်ပြီလို့ ဆိုကြပါတယ်။

ကချင်၊ ရှမ်း၊ ရခိုင် နဲ့ ကရင်ပြည်နယ်တို့အပြင် အခု နောက်ဆုံး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာပါ  စစ်ဘေးရှောင်စခန်းတွေ ပေါ်ထွက်နေတာ မသိချင် မကြားချင်လို့ မရပါဘူး။ အားလုံးပေါင်းလိုက်မယ်ဆိုရင် အစိုးရထုတ်ပြန်ချက်အရကို စခန်းပေါင်း ၁၄ဝ ရှိပြီး စစ်ဘေးဒုက္ခသည်စုစုပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ အစိုးရစာရင်းမဝင်တာက ဘယ်လောက်ရှိမယ် မှန်းလို့ မရပါဘူး။ ကချင်ပြည်နယ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည်  ၇ဝဝဝဝ လောက်ရှိတယ်လို့လည်း ကြားရပါတယ်။ ဒီလူတွေထဲမှာ စားစရာ မရှိသူတွေ၊ အမိုးအကာကင်းမဲ့နေသူတွေ အများကြီးပါပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ခြောက်လကျော်ကာလမှာ AA ရခိုင့်တပ်တွေနဲ့ မြန်မာ့ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာလို့  စစ်ဘေးဒုက္ခသည်ပေါင်း လေးသိန်းနီးပါး ရှိနေပြီလို့ ရခိုင် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ကတော့ ဧပြီလအထိ စစ်ဘေးဒုက္ခသည်ဦးရေ ၃၂,ဝဝဝ လောက်ရှိတယ်လို့ ဆိုထားပါတယ်။

အဲဒီ ရခိုင်ပြည်နယ်က တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့ နှစ်လလောက်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝခရိုင်ထဲအထိ ကျယ်ပြန့်သွားပြီး  ဒေသခံတွေ တထောင်နီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဒီလောက်များပြားတဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ အစိုးရက ဘယ်လောက်လုပ်ပေးနိုင်ပါလဲ။ လုပ်ပေးခဲ့ပါပြီလဲ။ စခန်းအသီးသီးရှိ ဒုက္ခသည်တွေကတော့ အစိုးရကူညီထောက်ပံ့မှုဟာ ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲလို့ ပြောကြပါတယ်။

အစိုးရပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ စစ်ရှောင်စခန်းတွေ ပိတ်သိမ်းပြီး ဒုက္ခသည်တွေ ကိုယ့်ရပ်ရွာပြန်နိုင်ရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေ အဆင်ပြေအောင် လက်တွေ့ကွင်းဆင်းပြီး အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

ကချင်မှာရော ရခိုင်မှာပါ ပုဂ္ဂလိက အလှူရှင်တွေ လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူညီတာကို အစိုးရက ပိတ်ပင်ထားလို့ အခက်အခဲ အများကြီးတွေ့နေရတယ်လို့လည်း ပြောကြပါတယ်။ ဒုက္ခသည်တွေကို  ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေ ရန်သူ့လက်ထဲရောက်သွားမှာစိုးလို့ ပိတ်ပင်ထားတာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ နည်းလမ်းကျပါသလားဆိုတာ စဉ်းစားသင့်ပါတယ်။

မကြာသေးခင်ကပဲ ကုလသမဂ္ဂ  အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ  ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာ-မြူလာ ဆိုသူက မြန်မာပြည်ကိုရောက်သွားခဲ့ပြီး ကချင်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူတွေကို အကူအညီပေးသွားမယ်၊ သူတို့နေရင်းရပ်ရွာတွေကို ပြန်နိုင်မယ့် နည်းလမ်းတွေတွေ့အောင် ဝိုင်းဝန်းလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အစိုးရဆိုတာ ဘယ်မှာပဲဖြစ်ဖြစ် ကိုယ့်ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေပြီဆိုရင် သက်သာမှုရအောင် တခုခု လုပ်ပေးရတဲ့တာဝန်ရှိပါတယ်။ ထောင်နဲ့ သောင်းနဲ့ချီပြီး များနေပြီဆိုရင် ပိုတောင်အလေးထားရပါမယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်သေးခင်မှာ သိန်းနဲ့ချီနေတဲ့ ဒီစစ်ဘေးဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ လွတ်လပ်စွာကူညီခွင့်ပြုဖို့၊ တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေကို လွတ်လပ်စွာသတင်းယူခွင့်ပြုဖို့ ဆိုတာတွေကိုလည်း အစိုးရပိုင်းက စဉ်းစားပေးသင့်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ရင် အစိုးရအပေါ် ပြည်တွင်းပြည်ပက လေးစားမှုလည်း ပိုပြီးရှိလာမှာပါဆိုတာ ထောက်ပြလိုက်ပါရစေ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့