ရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးသလဲ

စစ်ရေးအရှိန်မြင့်နေတဲ့ စစ်ကိုင်းတိုင်းထဲက နေရာ၊ဒေသနဲ့ အဆောက်အအုံ ၃၀ ကို ကြားကာလယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာနေရာတွေအဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ်တွေက ကလေးမြို့ဟောင်း၊ ဟန်လင်းပျူမြို့ဟောင်း၊ ရွှေဘိုမြို့ဟောင်းနဲ့ နန်းတော်၊ ဝက်မစွပ်ကျောင်းတိုက်၊ ဂျောအော်ဝဲနေအိမ်၊ မိုးကြိုးပြင်ကျောက်ခေတ်နေရာ၊ ထမံသီဘေးမဲ့တောစတဲ့ နေရာတွေ ပါဝင်ပါတယ်။

အဲဒီနေရာတွေမှာ စစ်ရေးပြုတာ၊ စခန်းချတာ၊ လက်နက်ကြီးငယ်ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ခိုးယူကုန် သွယ်ရောင်းချတာနဲ့ ပြင်ဆင်တာတွေလုပ်ရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူမယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံမှန်အားဖြင့် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပစ္စည်းတွေခိုးပြီးတူးဖော်တာ၊ ပြည်ပကိုခိုးထုတ် တာတွေရှိနေချိန်မှာပဲ စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေအကြား ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတဲ့အတွက် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာ ပျက်စီးဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ကပိုလာပါတယ်။

ဒီလိုကာလအတွင်း ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံနဲ့ အမွေအနှစ်တွေမပျက်စီးဖို့အတွက် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အားလုံးက ရှောင်ရှားရမယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က နိုင်ငံတကာစည်းကမ်းတွေကို ဥပမာပေးပြီး ပြောပြပါတယ်။

“ဒုတိယကမ္ဘာစစ်ကာလအတွင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်တိုက်မယ်ဆိုရင်တောင် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်တွေ၊ လူတွေ၊ identity တွေကိုကိုယ်စားပြုနိုင်တဲ့ ရှေးဟောင်းနေရာတွေ၊ ယဉ်ကျေးမှုနေရာတွေကို ရှောင်ကွင်းပြီးတော့ တိုက်ခိုက်တယ်။ စစ်ဗျူဟာရေးဆွဲထဲကိုက ရှေးဟောင်းအမွေအနှစ်တွေမထိပါးအောင် တိုက်မယ် ဆိုတဲ့ plan ရှိတယ်။ အဲဒီလိုနည်းနဲ့ပဲ ရှောင်ရှားကြတယ်ပေါ့နော်။ အဲဒီတော့ ကိုယ့်အမွေအနှစ်တွေ ကိုမပျက်စီးအောင်ဆိုရင်တော့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေမှာ တပ်စွဲတာမျိုး၊ ခံတပ်တွေလုပ်တာမျိုး၊ စစ်ဗျူဟာကို အဲဒီလမ်းကြောင်းအတွင်းမှာပဲ စစ်ဆင်ရေးအတွင်းမှာပဲ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရှောင်ကွင်းပြီးတော့ တိုက်ခိုက်တဲ့ဟာမျိုးကို နှစ်ဘက်လုံးက ဒီစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်မှသာ ဒီယဉ်ကျေးမှုအမွေအနှစ်တွေ အကြီးအကျယ်ပေါ့နော်၊ တစ်မိနစ်၊ တစ်စက္ကန့်အတွင်း ပြာပုံဖြစ်သွားနိုင်မယ့် အရေးကနေ ကာကွယ် နိုင်မယ်လို့ မြင်ပါတယ်။”

ယဉ်ကျေးမှုအမွေအနှစ်ဆိုတာဟာ ကမ္ဘာပေါ်က လူမျိုးတစ်မျိုးစီတိုင်းရဲ့ အရည်အသွေးနဲ့တန်ဖိုး၊ ဂုဏ်သိက္ခာဖြစ်ပါတယ်။

လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာတယ်ဆိုတာဟာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာတာကို ပြောတာပဲဖြစ်ပါတယ်။

အတိတ်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့ပြီး အဲဒီအမွေအနှစ်တွေကိုထိန်းသိမ်းထားနိုင်တဲ့ လူမျိုး၊ နိုင်ငံတွေဟာ ကမ္ဘာ့အလယ်မှာ တိုးတက်မှုတွေနဲ့အတူ ဂုဏ်ယူစရာဖြစ်နေတာ မျက်မြင်ပါပဲ။ ဒါကြောင့် နိုင်ငံတစ်ခု ချင်းစီအတွက် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးမူဝါဒတွေဟာ အလွန်အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေကတော့ အမွေ အနှစ်တွေကို ကာကွယ်ထိန်းသိမ်းဖို့ မလုံလောက်ဘူးလို့ ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ တစ်ဦးကတော့ပြောပါတယ်။

“ကျွန်တော်တို့သိသလောက်ဆိုရင် တချို့ဟာတွေက နိုင်ငံတော်အဆင့်မဟာဗျူဟာ (National level strategy) မရှိဘူးပေါ့နော်။ ဒါပေမဲ့ အရင်တုန်းကပြဌာန်းခဲ့တဲ့ဥပဒေတချို့၊ နောက်ထပ်ပြဌာန်းတဲ့ ဥပဒေတချို့ရှိမယ်။ ပြီးရင် NLD အစိုးရလက်ထက်မှာ ခေတ်အဆက်ဆက်ပြဌာန်းခဲ့တာတွေကို ဖြည့်စွက်ပြင်ဆင်တာမျိုးတွေ ရှိမယ်။ ပြီးတော့ တိုင်းဒေသကြီးအလိုက် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်တာတွေတော့ရှိတယ်။ အဲဒီလိုဟာလောက်နဲ့တော့ လွှမ်းခြုံလို့ရတဲ့အနေအထားမရှိသေးဘူး လို့ပြောလို့ရတယ်ပေါ့နော်။ အခုအာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ ပိုဆိုးသွားတယ်။ ကျွန်တော်တို့မြင်နေရသမျှတော့ ဒီယဉ်ကျးမှုအမွေအနှစ်ထိန်းသိမ်းရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဦးစားပေးမူဝါဒမရှိသလောက် တွေ့ရတယ်။”

Sequence 06.00_00_44_00.Still013.jpg
ရှေးဟောင်းအမွေအနှစ်၊ ပျူမြို့ဟောင်းတစ်နေရာကို တွေ့မြင်ရစဉ်။ (Photo: UNESCO)

ယဉ်ကျေးမှုအမွေအနှစ်နယ်မြေနေရာ ၃၀ ကို အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး တစ်ပတ်အကြာ မှာပဲ စစ်ကောင်စီတပ်က လာရောက်တပ်စွဲပြီး ပစ်ခတ်ခဲ့တာကြောင့် ဟန်လင်းမြို့ဟောင်းအနီးအနား ရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးခဲ့ကြရပါတယ်။

လက်ရှိအချိန်မှာ ဟန်လင်းမြို့ဟောင်းအပါအဝင် စစ်ကိုင်းတိုင်းထဲက ဒေသတွေဟာ စစ်တလင်းဖြစ်နေတာ ကြောင့် ဒီကာလအတွင်း ဒေသခံလူထုတွေရဲ့ ကိုယ့်ရေမြေ၊ ကိုယ့်အမွေအနှစ်ကိုချစ်ခင်စိတ်၊ ကာကွယ်လိုစိတ် နဲ့ပဲ ထိန်းသိမ်းရမှာ ဖြစ်တယ်လို့ ကိုသူရအောင်က ပြောပါတယ်။

“အခု အညာမှာဆို PDF တွေဘက်ကတပြန် အာဏာရှင်စစ်တပ်ဘက်ကလည်းတပြန် အပြန်အလှန်တိုက်ခိုက် နေချိန်မှာ သူတို့ဘယ်သူအုပ်ချုပ်နေသလဲဆိုတာမသိတဲ့ အချိန်မျိုးမှာဆိုရင် လူထုအခြပြု အမွေအနှစ်ထိန်းသိမ်း ရေး၊ ကာကွယ်ရေးတွေလုပ်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့နယ်မြေတွေမှာဆိုရင် ပကဖ၊ ပအဖ တွေက ကာကွယ်ပေးရမယ်။ အဲဒီလိုကာကွယ်ပေးနိုင်ဖို့ ဒီ ပကဖ၊ ပအဖ တွေကို ရှေးဟောင်း အမွေအနှစ်တွေဟာ မပျက်စီးရဘူးဆိုတာမျိုးအသိပေါ့နော်။ အမွေအနှစ်နဲ့ပတ်သက်လို့ ထုတ်ရောင်းတာမျိုးကို ကြပ်ကြပ်မတ်မတ်တားမြစ်ဖို့ အဲဒီလိုချဉ်းကပ်မှုနဲ့တော့ သွားလို့ရပါတယ်။ ဆိုက်တွေထဲက လိုက်ခိုးပြီး နိုင်ငံခြား ကိုပို့တဲ့ဟာမျိုးဆိုရင် နယ်စပ်ဂိတ်တွေမှာ EAO တပ်တွေရှိတယ်။ အဲဒီလိုမျိုးစိုးမိုးထားတဲ့နေရာတွေမှာ EAO တွေ က ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ နယ်စပ်ကမထွက်အောင် တားမြစ်တာ ကြပ်မတ်တာတွေ လုပ်လို့ ရပါတယ်ခင်ဗျ။”

သက်ဆိုင်ရာလူ့အဖွဲ့အစည်းတွေမှာ ကြပ်မတ်ထိန်းသိမ်းဖို့ဟာအခြေခံကျသလို နိုင်ငံတော်အဆင့်မူဝါဒနဲ့ ဥပဒေ တွေချမှတ်ဖို့နဲ့ အဲဒီဥပဒေတွေကို အချိန်ကာလနဲ့ အခြေအနေအလိုက် ပြင်ဆင်ဖြည့်စွက်ဖို့ကလည်း ကလည်း အရေးကြီးပါတယ်။

Sequence 06.00_00_57_18.Still014.jpg
ရှေးဟောင်းအမွေအနှစ်၊ ပျူမြို့ဟောင်းတစ်နေရာကို တွေ့မြင်ရစဉ်။ (Photo: UNESCO)

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦးက "အနာဂတ်မှာဖယ်ဒရယ်စနစ်နဲ့သွားပြီဆိုရင် တိုင်းရင်းသားဒေသအသီးသီးမှာရှိနေတဲ့တိုင်းရင်းသားအသီးသီးက အလေးထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဒေသခံတွေရဲ့တန်ဖိုးထားမှုအရရော၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသုတေသနဆိုင်ရာစံနှုန်းရှုထောင့်တွေအရရော အားလုံးလွှမ်းခြုံနိုင်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု နဲ့ပတ်သက်တဲ့ မူဝါဒတစ်ခုရှိဖို့လိုတယ်လို့ထင်တယ်။ နေရာဒေသအသီးသီးအပေါ်မူတည်၊ လူအများစုရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်မှုအပေါ်မူတည်ပြီးတော့ ဘယ်ဟာကို ဘယ်လို ဦးစားပေးထိန်းသိမ်းမလဲ၊ ဘယ်ဟာကတော့ အန္တရာယ်ရှိနေတယ်၊ ဘယ်ဟာကတော့ ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ ဘယ်လိုရှိသင့်သလဲဆိုတဲ့မူတွေချဖို့လိုတယ်။ ပြီးလို့ရှိရင် အဲဒါတွေကို သတ်မှတ်ထားတဲ့မူနဲ့ အညီ စနစ်တကျ ထိန်းသိမ်းနိုင်ဖို့အတွက် ကျနော်ထင်တယ် မဟာဗျူဟာတစ်ခုဆွဲရမယ်။ ပြီးရင် action plan တွေဆွဲရမယ်။"

ရှေးဟောင်းအမွေအနှစ်တွေဟာ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုကို အဆင့်ဆင့်ပြောင်းလဲစေခဲ့တဲ့ အတိတ်သမိုင်းရဲ့ မျက်မြင်မှတ်တမ်းဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေပျက်စီးတာဟာ ယဉ်ကျေးမှုတွေပျောက်ကွယ်တာဖြစ်သလို လူမျိုးတစ်မျိုး ဘယ်လို ဆင်းသက်လာပြီး အဲဒီလူမျိုးရဲ့ အဆင့်အတန်းဘယ်လောက်ရှိခဲ့သလဲဆိုတဲ့ခြေရာပျောက်သွားတာဖြစ်ပါတယ်။ အဲဒီလိုခြေရာပျောက်တာဟာ လူမျိုးပျောက်မယ့် ရှေ့ပြေးနမိတ်လည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ကမ္ဘာ့အမွေအနှစ်နေရာတွေမှာ စစ်မက်ဖြစ်ပွားစေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အထိ တိုင်ကြားနိုင်သလို အရေးယူခံရတဲ့ သာဓကတွေလည်းရှိတယ်လို့ သမိုင်းအချက်အလက်နဲ့ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာပညာရှင်တွေက ထောက်ပြပြောဆိုကြတာဖြစ်ပါတယ်။