ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အခမ်းအနား မဲဆောက်မှာ ကျင်းပ
2024.10.10
အောက်တိုဘာလ ၁၀ ရက်နေ့မှာကျရောက်တဲ့ (World Mental Health Day) ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို စစ်တပ်အာဏာသိမ်းတာဆန့်ကျင်ပြီး မဲဆောက်မြို့ကို ရှောင်တိမ်းရောက်လာတဲ့ တက္ကသိုလ်အသီးသီးက အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေက ဦးဆောင်ကျင်းပတာပါ။
စစ်အာဏာသိမ်းထားတာ သုံးနှစ်ကျော် လေးနှစ်နီးပါးကြာလာတာနဲ့အမျှ စစ်ကောင်စီရဲ့ဖိနှိပ်မှုမျိုးစုံကို ခံနေကြရတဲ့ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေဟာ စိတ်မွန်းကျပ်မှုတွေနဲ့ နေ့စဉ်ကြုံနေကြရတယ်လို့ အခမ်းအနားဦးဆောင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့ စိတ်ဓာတ်တွေ ကြံ့ခိုင်နေဖို့ လိုအပ်တယ်လို့ အခမ်းအနားဦးဆောင်သူတစ်ဦးဖြစ်တဲ့ တက္ကသိုလ် CDM ဆရာမ ဒေါ်ထားထားပါက ပြောပါတယ်။
"ဒီမတရားအာဏာသိမ်းခံရတဲ့အချိန်ကစပြီးတော့ အခုကျွန်မစကားပြောနေတဲ့အချိန်အထိပေါ့နော်။ အားလုံးလူတွေဟာ စိတ်ပင်ပန်းကိုယ်ပင်ပန်း၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲပေါ့နော်။ အဲဒါတွေအားလုံးကို ကျွန်မတို့ ကြုံတွေ့ခဲ့ရတယ်။ ကျွန်မတို့က CDM တွေဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့တွေရဲ့စိတ်ဓာတ်က လက်နက်ပါပဲ။ အဲဒီတော့ လူတိုင်းလူတိုင်းက စိတ်ဓာတ်ကို ကြံ့ခိုင်စေရမယ်။ စိတ်ဓာတ်တွေ ကျန်းမာနေမယ်ဆိုရင် ကျွန်မတို့လိုချင်တဲ့ ရည်ရွယ်ချက်ကို ရောက်ရှိမှာဖြစ်ပါတယ်’’
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Mental Health at Work" အလုပ်ခွင်၌ လုံခြုံသော စိတ်ပတ်ဝန်းကျင်လို့ ဆိုထားပါတယ်။
လူတစ်ယောက်ဟာ လုံခြုံ၊ မျှတ၊ ပြည့်စုံတဲ့ အခြေအနေမှာ ရှိနေမယ်ဆိုရင် ကောင်းမွန်တဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူ စိတ်ကျန်းမာရေးပြည့်စုံသူတစ်ယောက်အဖြစ် သတ်မှတ်တယ်လို့ WHO က ဆိုထားပါတယ်။
အခမ်းအနားကို ဦးဆောင်သူတွေရဲ့ ပြောဆိုချက်အရ စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း မြန်မာပြည်သူတွေဟာ ပြည်တွင်းမှာရော ပြည်ပမှာရော လုံခြုံမှုမရှိတဲ့အခြေအနေတွေနဲ့ ကြုံနေကြရလို့ စိတ်ကျန်းမာရေးမပြည့်စုံကြဘူးလို့ ဆိုပါတယ်။
ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် စိတ်ရှည်ရှည်ထားပါလို့ CDM လုပ်ထားတဲ့ တက္ကသိုလ် လက်ထောက်ကထိကတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဗိုလ်က ဆိုပါတယ်။
"ကျွန်တော်တို့အားလုံး ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးစိတ်ပင်ပန်းနေကြပါပြီ။ စိတ်ညစ်စိတ် ဆင်းရဲရတာတွေ ရှိတယ်။ ဆုံးရှုံးရတာတွေလည်း ရှိတယ်။ ဆုံးရှုံးရတာတွေကတော့ အများကြီးပဲပေါ့နော်။ ဒါတွေကိုပြီးသွားလို့ သူတို့ဆီကနေပြန်ယူမယ်ဆိုရင် ကျေပါ့မလားဆိုတဲ့ဟာမျိုးရှိတယ်ဆို မကျေပါဘူး။ ကျွန်တော်တို့စိတ်ရှည်ဖို့ လိုအပ်တယ်။ ဒီကာလကြီးကို မြန်မြန်ပြီးဖို့အတွက်ဆိုရင် စိတ်ရှည်ဖို့ လိုအပ်တယ်။ သည်းခံနိုင်ဖို့ လိုအပ်တယ်။ ပြီးတော့ အဲဒီဟာကနေ ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းလမ်းကို ခေါင်းအေးအေး စိတ်အေးအေးနဲ့ ထားနိုင်ဖို့ လိုအပ်တယ်’’
ဆက်နွှယ်သောသတင်းများ
ကပ်ရောဂါနဲ့အာဏာသိမ်းမှု မြန်မာရွှေ့ပြောင်းကလေးတွေအပေါ် သက်ရောက်မှုကြီးမား
စိတ်ဒဏ်ရာရပြည်သူတွေကို ဘယ်လိုကုစားမလဲ
စိတ်လုံခြုံမှုအတွက် ခိုလှုံရာ ပန်းချီဆေးခန်း
စိတ်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ Joy House ရဲ့တာဝန်ခံဆရာမ ဒေါ်နေခြည်ဝင်းကလည်း စိတ်ဓာတ်ကျနေသူတွေအဖို့ လူ့အသိုင်းအဝိုင်းနဲ့ ပူးပေါင်းနေထိုင်တာဟာ အထောက်အပံ့ဖြစ်စေတယ်လို့ ပြောပါတယ်။
"ကိုယ်ဘာရှိလဲပေါ့။ ကိုယ်ဘာတတ်လဲပေါ့။ အဲဒီအရာကို ကျွန်မတို့ရဲ့အသိုင်းအဝိုင်းမှာပြန်ပြီးတော့ ဝေမျှလိုက်တဲ့အခါမှာ တစ်ဦးချင်းကြံ့ခိုင်ခြင်းကလည်း နောက်ထပ်တစ်ဦးကြံ့ခိုင်ခြင်းကို ပြန်ပြီးတော့မှ အထောက်အပံ့ဖြစ်တာပေါ့။ ကျွန်မတို့သစ်ပင်ဟာ တစ်ပင်တည်း ရပ်လို့မရသလို အမြစ်တွေအောက်မှာ လျှောက်တွယ်ပြီးတော့မှ ချိတ်ဆက်ထားတဲ့အခါမှာ မုန်တိုင်းလာတဲ့အခါမှာ အလွယ်တကူမလဲသွားနိုင်သလိုပဲ ကျွန်မတတ်တဲ့ပညာနဲ့ နောက်တစ်ယောက်တတ်တဲ့ ပညာကမတူဘူး။ နောက်တစ်ယောက်ရဲ့အသိနဲ့ ကျွန်မရဲ့အသိနဲ့မတူဘူး။ ဒါပေမဲ့ အဲဒီအသိတွေ အဲဒီတတ်ခြင်းတွေ အားတွေ အားလုံးစုစည်းလိုက်တဲ့အခါမှာ ကျွန်မတို့ရင်ဆိုင်နေရတဲ့ ဒီအခက်အခဲတွေကိုဖြတ်ကျော်နိုင်မယ်ပေါ့’’
စစ်အာဏာရှင်လက်အောက်မှာ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့က အရေးကြီးတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။
"စိတ်ဓာတ်က သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ထရော်မာတွေကို ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာတွေကို ကျွန်တော်တို့က စိတ်ဓာတ်နဲ့ကျွန်တော်တို့က ကျော်လွှားမယ်။ အဓိကတော့ စိတ်ခွန်အားတွေပေါ့ဗျာ။ ယုံကြည်ချက်အားမာန်တွေနဲ့ ဒီနေ့ကို ကျွန်တော်တို့က တိုင်တည်ပြီးတော့ ကျွန်တော်တို့အား လုံး ဒီအခက်အခဲဒီအကျပ်အတည်း ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်ကြပါစို့လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ အကြံပြုချင်ပါတယ်’’
ဒီနေ့အခမ်းအနားမှာ တက္ကသိုလ်အသီးသီးတို့က ဘာသာရပ်ဆိုင်ရာအလိုက် ပညာရှင်တွေရဲ့ ဟော ပြောချက်တွေအပြင် စိတ်ခွန်အားဖြစ်စေမယ့် တေးဂီတတွေနဲ့လည်း ဖျော်ဖြေခဲ့ကြပါတယ်။