ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါပိုးကူးစက်ခံရသူတွေ ရှိနေ
2024.07.07
ရန်ကုန်တိုင်း သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဗိုလ်တစ်ထောင်မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနေပြီး အဲဒီအထဲမှာ ကာလဝမ်းရောဂါပိုး တွေ့တဲ့သူတွေလည်း ရှိနေပါတယ်။
ဒေါပုံမြို့နယ်မှာဆို ဆယ်ယောက်လောက် ဝမ်းပျက်ဝမ်းလျှောဖြစ်ကြပြီး သုံးယောက်က ကာလဝမ်းရောဂါပိုး တွေ့ခဲ့တယ်လို့ ဒေါပုံမြို့နယ် လူမှုကူညီရေးအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖြစ်တာတော့ လူက ဒေါပုံမှာက ဆယ်ယောက် ပတ်ဝန်းကျင်လောက်ရှိတယ်။ ကာလဝမ်းရောဂါပိုး တွေ့တာတော့ သုံးယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေကတော့ သာမာန် ဝမ်းလျှောဝမ်းပျက်လောက်ပဲဖြစ်တာ။ ဟိုဘက် သာကေတမှာကတော့ ဆယ်ဦးကျော်လောက်တွေ့တယ်လို့ ပြောတယ်ဗျ။ သေဆုံးတာတွေလည်း ရှိတယ်ပေါ့နော်"
ရောဂါစဖြစ်တယ်ဆိုတဲ့ သာကေတမြို့နယ်က သောက်ရေကန်ကိုလည်း လိုအပ်တာတွေ ဆက်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ဖြစ်တဲ့ ဒေတာကို လိုက် လိုက်တာက အနော်မာ သောက်ရေကန်ကနေ စဖြစ်တယ်လို့ ပြောလို့ အခု သောက်ရေကန်ကိုလည်း ဆေးခတ်ခြင်း ပရဟိတအဖွဲ့တွေအကုန် ပူးပေါင်းဆောင်ရွက်နေပါတယ်ဗျ"
အဲဒါကြောင့် သာကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ မုန့်ဟင်းခါး၊ အသုတ်စုံ၊ ဝက်သားတုတ်ထိုးနဲ့ အချဥ်ပေါင်း စတဲ့ လမ်းဘေး အစားအသောက်ရောင်းတဲ့ဆိုင်တွေကို ဇူလိုင် ၆ ရက်ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ပိတ်ထားကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သာကေတမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း အသက် ၂ဝ အရွယ်ကနေ ၅ဝ ကျော်အရွယ်ကြား ဝမ်းရောဂါနဲ့ သေဆုံးသူငါးဦးအထိ ရှိနေပြီလို့ သာကေတမြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကာလဝမ်းရောဂါပိုးတွေ့တဲ့သူတွေ ရှိပေမဲ့ သေဆုံးသူတော့ မရှိသေးဘူးလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာကနေ ဇူလိုင် ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
“စ ဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာ ဖြစ်ပွားသူ ၁၂ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အဲထဲက ဆေးရုံတက်ရောက် ကုသသူ ကိုးဦးရှိခဲ့ပါတယ်။ အဲဒီကိုးဦးရဲ့ ဝမ်းနမူနာတွေကို စစ်ဆေးတဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုး တွေ့ရှိတယ်ဆိုတဲ့ အဖြေ ထွက်ခဲ့ပါတယ်။ ဆေးရုံတက်ရောက်သူထဲမှာ ဒီဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ မရှိပါဘူး"
ဝမ်းပျက်ဝမ်းလျှောတွေ စဖြစ်တယ်ဆိုတဲ့ ဒေါပုံမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ အိမ်ခြေ ၁၆၆ လုံးက လူဦးရေ ၆၄၆ ဦး နေထိုင်နေပေမဲ့ အများသုံးအိမ်သာက ၁၂ ခန်းသာ တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
လက်ရှိအချိန်ထိ ကာလဝမ်းရောဂါပိုးကို ဝိတိုရိယဆေးရုံမှာ တစ်ဦးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လေးဦး၊ စုစုပေါင်း ငါးဦးဆီမှာ တွေ့ရှိထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဇွန်လကုန်ပိုင်းလောက်ကစပြီး ရန်ကုန်က မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တဲ့သူတွေ များလာခဲ့တာလည်း ဖြစ်ပါတယ်။
ကိုယ့်မြို့နယ်မှာ မဖြစ်သေးပေမဲ့ ဖြစ်လာခဲ့ရင်ဆိုပြီး ပြင်ဆင်ထားရတယ်လို့ ဒဂုံမြို့နယ်မှာ နေတဲ့ ကလေးမိခင်တစ်ဦး က ပြောပါတယ်။
“ကလေးစားမယ့် အစားအသောက်တွေရယ်၊ ကလေးသောက်မယ့် ရေခွက်တွေမှာ ယင်ကောင်တွေ နားမနေအောင် အထူးဂရုစိုက်ရတာပေါ့။ ဝမ်းပျက်ဝမ်းလျှောတွေက ကူးစက်ရောဂါလိုမျိုး ဖြစ်နေကြတယ်ဆိုတာ သတင်းကြားရတဲ့အခါကျတော့ ဆေးဝါးတွေ ကြိုပြီးဝယ်ထားရတယ်ပေါ့"
အလားတူ မြောက်ဥက္ကလာမြို့နယ်က အိမ်ရှင်မတစ်ဦးကလည်း အပြင်စာတွေ ရှောင်လိုက်တဲ့အကြောင်း အခုလို ပြောပါတယ်။
“မုန့်ဟင်းခါးတို့ အသုတ်တို့ အပြင်မှာ ဝယ်စားရမယ့်ဟာတွေ သိပ်ပြီးတော့ မစားတော့ဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ် ခေါက်ဆွဲလေးကြော်လိုက် ကြာဇံလေးကြော်လိုက် အဲဒီလိုပဲ လုပ်မယ်လို့ ၊ ယင်နားစာတို့ဘာတို့ကို ရှောင်လိုက်တာပေါ့"
ကာလဝမ်းရောဂါဟာ မကုသဘဲ ဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါဖြစ်ပြီး ရေအရင်းအမြစ် မသန့်တာ အစားအစာပြင်ဆင်စားသုံးတဲ့နေရာမှာ သန့်ရှင်းမှုမရှိတာတွေကြောင့် ဖြစ်တဲ့ ရောဂါမျိုးပါ။ ဒါ့ကြောင့် လက်ကို သန့်ရှင်းအောင် ဆေးကြောဖို့နဲ့ သောက်သုံးရေ သန့်ရှင်းဖို့လိုပါတယ်။
ကာလဝမ်းရောဂါပိုးဟာ ကူးစက်ပြီး ၁၂ နာရီကနေ ငါးရက်အတွင်း ရောဂါလက္ခဏာပြသတတ်ပါတယ်။
အစောပိုင်းရောဂါလက္ခဏာတွေကတော့ ဆန်ဆေးရည်လို အဖြူရောင် ဝမ်းအရည်တွေသွားတာ၊ အော့အန်တာနဲ့ ခြေထောက်ကြွက်တက်တာတွေ ဖြစ်ပါတယ်။
အချိန်မီမကုဘဲ ရောဂါပြင်းထန်လာရင် ရေဓာတ်ဆုံးရှုံးပြီး ကျောက်ကပ်ပျက်စီးတာ၊ မေ့မြောတာ၊ သွေးလန့်တာနဲ့ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်တယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။