တရုတ်နယ်စပ်က မြို့သုံးမြို့ကို လက်လွှတ်ခဲ့ရကြောင်း စစ်ကောင်စီပြော
2023.11.02

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့် တပ်တော် (AA) မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ - တရုတ်နယ်စပ်က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွေကို လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီက တရားဝင်ဖွင့်ထားတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ အခုလို ပြောဆိုလိုက်တာပါ။
“ဒီနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီပေါ့။ အဲဒီနေရာမှာ MNDAA၊ TNLA၊ AA အဖွဲ့တွေက တိုက်ခိုက်ခဲ့တာမျိုး တွေ့ရတယ်။ ဒီနေရာမှာတော့ ဝါဒဖြန့်မှု အမျိုးမျိုး တွေ့ရတာပေါ့။ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေအားလုံးနီးပါ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ ပြီးရင် ဘယ်နေရာတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ တွေ့ရတယ်။ ဒီအချိန်မှာတော့ ကျွန်တော်တို့ အစိုးရရယ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ လုံခြုံရေး အဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာတွေ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီသုံးခုတော့ ရှိပါတယ်"
“ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ချင်းရွှေဟော်မြို့မှာ အုပ်ချုပ်ရေးစနစ်တွေ စတင်ဆောင်ရွက်နေပြီ”
အောက်တိုဘာလ ၂၇ ရက်နေ့မှာ MNDAA ကိုးကန့်တပ်ဖွဲ့က ချင်းရွှေဟော်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဟိုတယ်ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို UWSA “ဝ”တပ်ဖွဲ့ထိန်းချုပ်တဲ့ နမ့်တစ်မြို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အဲဒီနေ့ကနေစပြီး ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် အတော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ကိုရန်နိုင်ကတော့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ချင်းရွှေဟော်မြို့မှာ အုပ်ချုပ်ရေးစနစ်တွေ စတင်ဆောင်ရွက်နေပြီလို့ RFA ကိုပြောပါတယ်။
“အခု ပိုင်ပိုင်နိုင်နိုင် ထိန်းထားတာကတော့ ချင်းရွှေဟော်ရယ် ဖောင်းဆိုင်ဒေသပါပဲ။ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည် ကောင်းမွန်အောင် ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြန်လည် ဖော်ဆောင်နေပါတယ်။ ချင်းရွှေဟော်မြို့နယ်ကိုတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ ပြန်ဖွဲ့ထားလိုက်တယ်။ လျှပ်စစ်မီးတို့ ဘာတို့ အစစ အရာရာ ပြန်လည် ရရှိအောင် ဆောင်ရွက်နေတယ်။ ပြည်သူလူထု နေရထိုင်ရတာ သက်သာအောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်ဗျ”
သိန္နီမြို့ပေါ်ကိုတော့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက MNDAA တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမယ့် မြို့တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ - ၁၆ တပ်စခန်းတွေကို သိမ်းပိုက်နိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြို့အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေတယ်လို့လည်း သူကပြောပါတယ်။
တရုတ် - မြန်မာ နယ်စပ် မုံးကိုးမြို့ အရှ့ဘက်မှာရှိတဲ့ ဖောင်ဆိုင်မြို့ကို MNDAA တပ်ဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက် မနေ့ကတော့ မူဆယ်မြို့နယ် ပန်ဆိုင်း (ကြုကုတ်) မြို့ ကို MNDAA တပ်ဖွဲ့ဝင်တွေက ဆက်လက် သိမ်းပိုက်ခဲ့တာပါ။ ဒါပေမဲ့ MNDAA တပ်ဖွဲ့တွေက ပန်ဆိုင်း (ကြူကုတ်) မြို့တွင်းမှာ ဆက်လက်နေရာယူထားတာမရှိဘဲ ပြန်လည် ထွက်ခွာသွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဆိုင်း (ကြူကုတ်) မြို့မှာတော့ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းကစလို့ အခြေအနေတွေ ပြန်တည်ငြိမ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အခုတော့ အခြေအနေက ဒီလိုပဲ တိတ်နေတယ်ဆိုတော့ ကျွန်မလည်း အိမ်မှာပဲ နေနေရတာဆိုတော့ ဘယ်မှ မသွားရဲဘူး။ လမ်းပန်းဆက်သွယ်ရေးတွေက ရဲရင်လည်းသွား မရဲရင်လည်း မသွားဘူး အဲဒီလိုပဲ သွားကြတာပေါ့။ ဈေးရောင်း ဈေးဝယ်တွေကတော့ မနက် စောစောစီးစီး ဝယ်လို့ ခြမ်းလို့ပြီးရင် ပြန်ကြတာ သူ့အိမ်ကိုယ့်အိမ် အဲဒီလိုပဲပေါ့။ မနေ့က ညနေပိုင်းက လက်နက်သေးအသံ သေနတ်အသံတော့ ကြားတယ်။ လက်နက်ကြီး အသံတော့ မကြားတော့ဘူး။ လက်နက်ကြီးအသံတွေ အနီးအနား ကျလာပြီဆိုရင်တော့ မြေအောက်ခန်းရှိတဲ့ အိမ်တွေ ပြေးကြတာပေါ့။ တရုတ်ဘက်ကတော့ အရေးပေါ် လူနာရှိရင်တော့ ဖွင့်ပေးတယ်။ စစ်ပြေးတော့ မဝင်ခိုင်းဘူးလို့ ပြောတာပဲ”
နိုဝင်ဘာလ ၁ ရက် ပန်ဆိုင်းမြို့တိုက်ပွဲမှာ ရဲစခန်းနဲ့ ဈေးနားကို လက်နက်ကြီးကျည် ကျတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ပန်ဆိုင်းနဲ့ မူဆယ် လမ်းပိုင်းကတော့ ပုံမှန်အတိုင်း သွားလာနေကြပြီး မုံးကိုးမြို့ မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသက သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်မြို့တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေသလို လောက်ကိုင်မြို့မှာလည်း မနေ့ ညနေပိုင်းကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။
လောက်ကိုင်မြို့မှာ နိုဝင်ဘာလ ၁ ရက် နေ့လယ်ပိုင်းအထိ ဆန်ဝယ်ယူလို့ မရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဖုန်းလိုင်းတွေမပြတ်ခင် RFA ကို အင်တာနက်အွန်လိုင်းကနေ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ဆန်ကြမ်းတစ်အိတ်ကို တရုတ်ယွမ် တစ်ထောင် (မြန်မာကျပ်ငွေ သုံးသိန်းကျော်) အထိ ပေးဝယ်တာတောင် ဝယ်လို့မရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ရှမ်းမြောက်ဒေသ နောင်ချို၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင် လမ်းပိုင်းတွေ အားလုံး ပြတ်တောက်နေတာကြောင့် အဲဒီမြို့တွေမှာ ဆန်နဲ့ စားသောက်ကုန်တွေ ဈေးတက်ခဲ့ပြီး မြို့အချို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ဝမ်တိန်နယ်စပ်ဂိတ်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေအားလုံးလည်း ရပ်ဆိုင်နေပါတယ်။
တိုက်ပွဲကြောင့် UWSA "ဝ"တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်ဒေသမှာ ဒုက္ခသည် တစ်သောင်းဝန်းကျင်၊ ချင်ရွှေဟော်မြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံ မိန်းတိန်မြို့ထဲမှာ ဒုက္ခသည် ငါးထောင်ဝန်းကျင်နဲ့ သိန္နီ၊ လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသ မြို့တွေမှာ ဒုက္ခသည် ငါးထောင်ကျော်၊ စုစုပေါင်း ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
တရုတ်နိုင်ငံ မိန်းတိန်မြို့မှာ ထွက်ပြေးခိုလုံနေရတဲ့ ဒုက္ခသည်တွေအတွက် ရေနဲ့ စားသောက်စရာတွေ အကူအညီမရလို့ တရုတ်အစိုးရကို စုပေါင်းတောင်းဆိုနေကြတယ်လို့ တရုတ်နိုင်ငံထဲ ထွက်ပြေးနေရသူတွေထဲက မိသားစုဝင်တစ်ဦးဖြစ်သူ ကိုသက်နိုင်က RFA ကို ပြောပါတယ်။
“အဲဒီဘက်မှာ ကျွန်တော့်မိသားစုတွေ ကျွန်တော့်ညီမဝမ်းကွဲတွေ အစ်မဝမ်းကွဲတွေ ကျွန်တော့်ညီ အပါအဝင် အကုန်လုံး တရုတ်ပြည်ရဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေတယ်။ ကလေးတွေရော မိသားစုတွေရောပေါ့လေ။ တရုတ်ပြည် မိန်းတိန်ဘက်ကနေ စစ်ဘေးဒုက္ခသည်တွေကို လာလှူတဲ့ အလှူပစ္စည်းတွေပေါ့လေ။ ရေတို့ အစားအစာတို့ပေါ့လေ။ စားနပ်ရိက္ခာတို့ အဲဒါတွေကို စစ်ဘေးဒုက္ခသည် တရုတ်ဂိတ်က ပေးမဖြတ်ဘူး။ အထဲကို ပေးမဝင်ဘူး။ ပေးမဖြတ်ဘူး။ အဲလိုဖြစ်နေတာ။ လူ ငါးထောင်လောက်ရှိတယ်ဗျ။စစချင်းရောက်တဲ့နေ့က ရေသန့် ဗူးသေး လေးနှစ်ဘူးလောက် ပေးပြီး နောက်ပိုင်းသောက်သုံးရေး မရတော့ဘူလို့ပြောတယ်။ အလှူရှင်မရှိလို့ ပြတ်လပ်တာမျိုး မဟုတ်ဘဲနဲ့ အလှူရှင်တွေလည်း လာပါရဲ့နဲ့အထဲကို ပေးမသွင်းတဲ့ပုံစံဖြစ်နေတယ် အဲဒီလိုမျိုးပေါ့”
တရုတ်အာဏာပိုင်တွေက ဒုက္ခသည် ငါးထောင်နီးပါးအတွက် အိမ်သာနှစ်လုံးသာ ထားပေးထားတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်တွေ အခြေအနေနဲ့ နယ်စပ်တိုက်ပွဲတွေ အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က နိုဝင်ဘာလ ၂ ရက်မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အလားတူ ရှမ်းမြောက်ဒေသအတွင်းက ဒုက္ခသည်စခန်းတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် အကူအညီတွေမရရှိဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့မှာ နိုဝင်ဘာလ ၁ ရက် ညပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် အမျိုသမီးနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလ ၂ ရက် နေ့လယ်ပိုင်းအထိ သိန္နီ၊ ကွမ်လုံ၊ လားရှိုး၊ မုံးကိုးမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လားရှိုးမြို့ကို စစ်အင်အားတွေ ဖြည့်နေသလို ပြင်ဦးလွင်ကနေ နောင်ချိုမြို့ဘက်ကို စစ်အင်အားဖြည့်လာတဲ့အတွက် TNLA တပ်ဖွဲ့၊ မန္တလေး PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။
“နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာနဲ အုမ္မသီးရွာကြားမှာ ဒီမနက်အစောကြီးတည်းက တိုက်ပွဲ ဖြစ်တယ်။ မနေ့ကတော့ အဲဒီနားမှာ တစ်ကြိမ်ဖြစ်တာပေါ့။ ပြင်ဦးလွင်ဘက်ကနေ တက်လာတဲ့ စစ်ကား ၂၂ စီး၊ သံချပ်ကာ ကားနှစ်စီးနဲ့ မနေ့က အုမ္မသီးနားမှာ တိုက်ပွဲဖြစ်ပွားတော့ နောက်ကြောင်း ပြန်လှည့်သွားတာပေါ့။ ဒီမနက်တော့ ရွှေညောင်ပင်နဲ့ အုမ္မသီးကြားမှာ ပြန်ဖြစ်တယ်”
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ပါ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA တပ်ဖွဲ့ ရဲ့ ဒီလ ၂ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲအချိန် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂ ရက်အထိ ခုနစ်ရက်အတွင်း စစ်ကောင်စီရဲ့ သံချပ်ကာကား ခြောက်စီး အပါအဝင် တပ်စခန်းပေါင်း ကိုးဆယ်ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး သိန္နီ၊ ကွမ်လုံ၊ နောင်ချိုမြို့တွေမှာ စစ်ရေး အရှိန်ပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန်တာ မရှိသေးပါဘူး။