ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အကာအကွယ်ရဖို့ လိုအပ်နေ

အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ အသက်နဲ့ ရင်းပြီးတော့ ပင်လယ်ပြင်ထဲကို လှေစီးပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားနေကြရင်းက ပင်လယ်ထဲမှာ ရက်ပေါင်းများစွာမျောပါပြီး အသက်သေဆုံးရတဲ့ ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။

သူတို့တွေကို ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ- ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးရေး လုပ်ဆောင်နေတဲ့ Refugees International အဖွဲ့က ညွှန်ကြားရေးမှူး ဒန်နီရယ် ဆော်လဗန်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
---
မေး - ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ဟာ ပင်လယ်ပြင်ကိုဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေ အသေအပျောက်အများဆုံးနှစ် ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လက်ရှိဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုအသက်စွန့်ပြီး ပင်လယ်ခရီးထွက်ဖို့ ဖြစ်လာတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ - ရိုဟင်ဂျာတွေ လှေစီးပြီး ထွက်ပြေးနေရတဲ့ ပင်မအကြောင်းရင်းက မြန်မာနိုင်ငံမှာ သူတို့ကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ အောက်တိုဘာလက နောက်ဆုံးအကြိမ် ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့စဉ်က စခန်းတွေထဲမှာ အခြေအနေတွေ ပိုဆိုးနေတာ မြင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် သူတို့တွေအိမ်ပြန်နိုင်ဖို့ ဖြစ်နိုင်ခြေ အရမ်းကို နည်းနေပါတယ်။ ရိုဟင်ဂျာအများစုက မြန်မာနိုင်ငံက သူတို့ နေရပ်ကို ပြန်လာချင်တာပါ။
ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ကန့်သတ်မှုတွေ တိုးလုပ်လာနေပါတယ်။ ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ လုပ်ပေးဖို့ အခွင့်အလမ်းအချို့ ရှိလာပေမယ့် သူတို့ ဒုက္ခရောက်နေတဲ့ အတိုင်းအတာနဲ့ ယှဉ်ရင် မလုံလောက်ပါဘူး။ ဒါကြောင့်လည်း အလွန်အန္တရာယ်များတဲ့ ပင်လယ်ခရီးကို လှေစီးပြီး ထွက်ခွာဖို့ ကြိုးစားလာကြတာပါ။

000_33692KE.jpg
ဒီဇင်ဘာ ၂၇ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ယာယီခိုလှုံရေးစခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာအမျိုးသမီး။ (Photo: AFP) (CHAIDEER MAHYUDDIN/AFP)

မေး -အခုလို အသက်စွန့်ပြီး ပင်လယ်ပြင်ကို ထွက်နေကြတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဘက်က ဘာတွေလုပ်ပေးနိုင်မလဲ။

ဖြေ - လုပ်ပေးနိုင်တာ အများကြီး ရှိပါတယ်။ ရေရှည်အနေနဲ့ကတော့ သူတို့ အားလုံး မြန်မာနိုင်ငံက နေရပ်ပြန်နိုင်အောင်၊ လုံခြုံစိတ်ချရတဲ့ အခြေအနေ ဖန်တီးပေးဖို့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖိအားပေးတောင်းဆိုကြဖို့ပါ။

ရေတိုမှာတော့ ဒုက္ခသည် စခန်းထဲက ရိုဟင်ဂျာတွေကို မျှော်လင့်ချက်ရှိပြီး၊ စွမ်းဆောင်နိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးဖို့ပါ။ ဒီလိုဖန်တီးတဲ့နေရာမှာ သူတို့အတွက် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးဖို့ မိမိကိုယ်ကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ကြားပေးဖို့ စတဲ့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ရင် ပြန်ထွက်ပြေးလာဖို့ မလိုအပ်တဲ့ ရေရှည်ခံတဲ့ ပြန်ပို့ခြင်းမျိုးဖြစ်အောင် လုပ်ဖို့လိုပါတယ်။

နောက်တစ်ခုက အခုအချိန်မှာ ဒုက္ခသည်စခန်းတွေမှာ မလုံခြုံမှုတွေ အရမ်းများနေပါတယ်။ အာဆာ စစ်သွေးကြွအဖွဲ့ဝင်တွေနဲ့ လူမိုက်ဂိုဏ်းဂဏတွေဟာ ရိုဟင်ဂျာခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ပုံမှန်လုပ်နေပါတယ်။ သူတို့တွေ စခန်းတွေထဲမှာ နေနေရသရွေ့ လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ပင်လယ်ပြင်ထဲမှာ မျောနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ပါ။ ဒေသတွင်းက အစိုးရတွေအနေနဲ့ ဒီလိုအခြေအနေရောက်နေသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လို လုပ်မလဲဆိုတဲ့ frame work တစ်ခု ရှိပြီးသား ဖြစ်ပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်တာ မရှိသေးပါဘူ။။

မေး - အခုအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေ ရပ်တန့်နေတာကရော ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတာတွေ မရပ်တန့်သေးတာက အဓိက အတားအဆီးဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ဖမ်းဆီးချုပ်နှောင်နေပြီး၊ လွတ်လပ်စွာ သွားလာခွင့်မပြုပါဘူး။

မကြာခင်က ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့်လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ အိမ်ပြန်ဖို့ စိတ်မချရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ စစ်ကောင်စီ အာဏာပိုင်တွေအကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။

ဒုက္ခသည်တွေရဲ့ နာမည်စာရင်း လဲလှယ်တာလို့ ဆောင်ရွက်ချက်အချို့ ရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ICJ လို နိုင်ငံတကာတရားရုံးတွေကနေလည်း စစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေအတွက် တရားစွဲဆိုနိုင်ဖို့ ဆက်လုပ်နေပါတယ်။ အဓိကကတော့ စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လုပ်နေသရွေ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ စိတ်ချရတဲ့ အခြေအနေမရှိတာကြောင့် ပြန်မပို့နိုင်တာ ဖြစ်ပါတယ်။

000_32H272A.jpg
မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသည့် ငါးနှစ်မြောက်အထိမ်းအမှတ်အဖြစ် ၂ဝ၂၂ ဩဂုတ် ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒပြနေစဉ်။ (Photo: AFP) (MUNIR UZ ZAMAN/AFP)

မေး - အခုလို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အခြေအနေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ကော သူတို့ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုတွေ အခက်အခဲ ရှိနေတယ်လို့ မြင်ပါသလဲ။

ဖြေ - လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက စပြီး ရိုဟင်ဂျာ တစ်သန်းလောက်ကို လက်ခံထားတာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေဟာ တော်တော်လေး လုပ်ပေးထားတာပါ။ ထပ်ပြီး လုပ်ပေးသင့်တာက ရိုဟင်ဂျာတွေကို ခွန်အားဖြစ်စေမယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ဥပမာ မြန်မာနိုင်ငံက သင်ရိုးအတိုင်း ဆက်လက်ပြီး ပညာသင်ကြားခွင့်ပြုတာမျိုး၊ တက္ကသိုလ်တက်ခွင့် ရှိတဲ့ လူငယ်တွေကို တက်ရောက်ခွင့်ပြုပေးတာမျိုး ဖြစ်ပါတယ်။ အခုအချိန်မှာ အခြားကမ္ဘာ့အရေး ကိစ္စတွေပေါ်လာတိုင်း ရိုဟင်ဂျာတွေအတွက် သုံးဖို့ လျာထားတဲ့ ရန်ပုံငွေက လျော့သွားပါတယ်။

ဒီလို အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ခင်မှာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးဖို့ လိုပါတယ်။

မေး - မကြာခင်က အရေအတွက်သိပ်မများတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့ကို အမေရိကန်နိုင်ငံက အခြေချနေထိုင်ဖို့ ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အခုလို တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ခွင့်ရဖို့ ဘယ်လောက် မျှော်လင့်ချက်ရှိနိုင်မလဲ။

ဖြေ - တတိယနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချပေးတာကို ပြဿနာဖြေရှင်းဖို့ နည်းလမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကြောင့် ပြဿနာအားလုံး ပြေလည်သွားစေမှာ မဟုတ်သလို ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေ အားလုံးကိုလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံက အခုလို အခြေချဖို့ ခွင့်ပြုတာ ကြိုဆိုပါတယ်။ တကယ်က ဘင်္ဂလားဒေ့ရှ်ဘက်က ရွှေ့ပြောင်းအခြေချဖို့ ခွင့်ပြုထားတာ နှစ်တော်တော်ကြာပြီးမှ အခုလို ပထမဆုံးအသုတ်ခေါ်ယူခဲ့တာပါ။

ပထမဆုံးနှစ်မှာ ရိုဟင်ဂျာရာဂဏန်းလောက်အထိ အလွန်ဆုံး ထောင်ဂဏန်းလောက်အထိ လက်ခံဖို့ ပြောထားပေမယ့် အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဒီထက်မကပိုပြီး လက်ခံလာဖို့ မျှော်လင့်ပါတယ်။
ဒီလို တတိယ နိုင်ငံကို အခြေချခွင့်ပေးနေသလိုပဲ တစ်ချိန်တည်းမှာ ဒုက္ခသည်စခန်းထဲမှာ ဆက်ပြီးနေထိုင်ရတဲ့ ရိုဟင်ဂျာတွေ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးတာနဲ့ မြန်မာနိုင်ငံမှာ လုံခြုံတဲ့ အခြေအနေဖြစ်လာရင် နေရပ်ပြန်ဖို့ အသင့်ဖြစ်အောင် ပြင်ဆင်ပေးထားတဲ့ နည်းလမ်းတွေကို တစ်ပြိုင်တည်း လုပ်သွားရမှာပါ။

တစ်ချိန်တည်းမှာပဲ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖိအားပေးတောင်းဆိုတာကိုလည်း ဆက်လုပ်သွားရမှာပါ။