"စစ်ကောင်စီရဲ့ အဆုံးသတ်ခန်းကိုရောက်ဖို့ သေချာနေပါပြီ"

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.12.12

အခုအချိန်မှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကနေ သိမ်းယူလိုက်နိုင်တဲ့ မြို့ရွာနဲ့စစ်စခန်းအရေအတွက် တစ်စထက်တစ်စ များပြားလာပါတယ်။ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေရဲ့ အောင်မြင်မှုအခြေအနေနဲ့ စစ်ကောင်စီဘက်က လက်တုံ့ပြန်လာနိုင်တဲ့ အလားအလာအကြောင်း ထိုင်းအခြေစိုက်မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆင် (David Mathieson)ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
___________

RFA : မြန်မာ့အရေးလေ့လာသုံးသပ်သူ မစ္စတာ ဒေးဗစ်မက်သီဆင် ခင်ဗျား။ အခုလက်ရှိ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေရဲ့ အောင်မြင်မှုနဲ့ မြို့ရွာတွေ သိမ်းယူထားတဲ့ အခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။

■ ပြီးခဲ့တဲ့အပတ်ကအထိ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာအရေအတွက် ၁၃ ခု လောက်ရှိပြီလို့ သတင်းတွေမှာ တွေ့ရပေမဲ့ အတိအကျ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ရွာတစ်ခုကို သိမ်းယူထားပြီး အမှန်တကယ်ထိန်းချုပ်မှုရှိမှ သိမ်းထားတယ်လို့ ပြောနိုင်ပါတယ်။ ဥပမာ - နမ့်ခမ်းမြို့နယ်ထဲမှာ TNLA တပ်တွေက မြို့ထဲမှာ ရှိနေပေမဲ့ အမှန်တကယ် ထိန်းချုပ်နိုင်မှု ရှိမရှိဆိုတာ မသေချာပါဘူး။ အရေးကြီးတာက အခုအချိန်မှာ အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့တွေဘက်က မြို့ဘယ်နှမြို့၊ စခန်းဘယ်နှခု သိမ်းယူပြီးပြီဆိုတဲ့ ကိန်းဂဏန်းနောက်ကို လိုက်နေကြတဲ့အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် မြို့ဘယ်နှမြို့ကို သိမ်းပြီးပြီဆိုတာအစား အခုအချိန်မှာ ဘယ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ခိုက်နေသလဲဆိုတာ အလေးထားကြည့်ဖို့ လိုပါတယ်။ အခုအချိန်မှာ အချို့ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ တည်ထောင်တဲ့အဆင့်အထိ ရောက်နေပါပြီ။ ဒါပေမယ့် တော်လှန်ရေးရဲ့နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ဆိုရင် ဒီမြို့ရွာတွေကို သိမ်းယူခဲ့တဲ့အဖွဲ့တွေက အမှန်တကယ်ထိန်းချုပ်မှု ရှိသလားဆိုတာ သတိထားပြီး ဆန်းစစ်ဖို့ လိုပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်နီပြည်နယ်ကနေ ရှမ်းမြောက်အထိ ချင်းပြည်နယ်ကနေ ရခိုင်အထိ မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တွေ အောင်ပွဲခံနေပေမဲ့ အခုအချိန်မှာ အပြောင်းအလဲအလွန်မြန်ဆန်တဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ပြီး တစ်နိုင်ငံလုံးကို ရိုက်ခတ်သွားတာကတော့ အမှန်ပါပဲ။ အခု ၁ဝ၂၇ စစ်ဆင်ရေး ခြောက်ပတ်ကျော် ကြာလာတဲ့အချိန်မှာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ မသေချာမှု တွေ ရှိနေပါသေးတယ်။

RFA: စစ်ခေါင်းဆောင်တွေအတွက် အချိန်သိပ်မကျန်တော့ဘူးလို့လည်း မြန်မာ့အရေးကျွမ်းကျင်သူ အားလုံးလိုလိုက ပြောနေကြပါတယ်။ မြန်မာစစ်တပ် လုံးဝပြိုလဲသွားဖို့ အချိန်ဘယ်လောက်လိုဦးမလဲဆိုတာ အနီးစပ်ဆုံးပေါ့။ ခန့်မှန်းလို့ ရနိုင်မလား။

■ ရေရှည်အနေနဲ့ကတော့ စစ်ကောင်စီရဲ့အဆုံးသတ်ကို ရောက်ဖို့ သေချာနေပါပြီ။ ဒါပေမဲ့ ရောက်ဖို့ဘယ်လောက်ကြာဦးမလဲဆိုတာ အတိအကျ ပြောလို့မရသလို ပြောလဲမပြောသင့်ပါဘူး။ အမှန်က စစ်တပ်က အာဏာသိမ်းလိုက်ပြီး သုံးနှစ်နီးပါးကြာအောင် အပြောင်းအလဲမရှိခဲ့ရာက အခုနောက်ပိုင်းမှာမှ တော်လှန်ရေးအင်အားစုတွေဘက်က နေရာတိုင်းမှာ အောင်ပွဲခံလာတာ အားရစရာကောင်းပါတယ်။ နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး လုပ်လာနိုင်တာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါတယ်။ စစ်ကောင်စီ အဆုံးသတ်တော့မှာကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က အောင်ပွဲရဖို့ အချိန်လိုပါသေးတယ်။ အထူးသဖြင့် အဆုံးသတ်အောင်ပွဲက ဘယ်လိုပုံစံဖြစ်မလဲဆိုတာ မှန်းဆဖို့ ခက်ခဲပါသေးတယ်။

RFA: အခုတော်လှန်ရေးမှာ ဦးဆောင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာဆိုရင် သက်ဆိုင်ရာကိုယ်ပိုင်နယ်မြေနဲ့ သီးခြားရည်မှန်းချက်တွေ ရှိကြပါတယ်။ ဒါကြောင့် သူတို့လိုလားတဲ့ သက်ဆိုင်ရာနယ်မြေကို သိမ်းယူပြီးတဲ့နောက် မြန်မာနိုင်ငံအလယ်ပိုင်း၊ ဗမာလူများစုနယ်မြေတွေအထိပါ ထိုးစစ်ဆင်တိုက်ခိုက်လာဖို့ ဖြစ်နိုင်ခြေရှိပါသလား။

■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ကို အားပေးထောက်ခံတဲ့ ဒေသခံပြည်သူတွေ ရှိတဲ့ ဒေသတွေကို ထိန်းချုပ်နယ်မြေတွေအဖြစ် သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်တဲ့ပုံစံနဲ့ရှိနေခဲ့တာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာမသိမ်းခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ KNU ကနေ နောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) နဲ့ ကရင်နီတပ်ပေါင်းစုတွေအထိ အားလုံး ဒီပုံစံအတိုင်းပါပဲ။ အခု ၁၀၂၇ စစ်ဆင်ရေးမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ပြောခွင့်ရသူတွေ ပြောထားတာကို နားထောင်ရသလောက်ဆိုရင် သူတို့ရဲ့သက်ဆိုင်ရာနယ်မြေတွေမှာ စစ်ကောင်စီကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ပြီး မြန်မာနိုင်ငံအနှံ့မှာလည်း အလားတူ ထိုးစစ်တိုက်ခိုက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ အားပေးထောက်ခံသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ ဝင်ရောက်သိမ်းယူဖို့ ကြိုးစားမယ်လို့ မထင်ပါဘူး။ ကျွန်တော့်အမြင်ကတော့ AA ပဲ ဖြစ်ဖြစ်၊ MNDAA ပဲ ဖြစ်ဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ ဝင်ရောက်သိမ်းယူဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ စစ်ကောင်စီ လုံးဝပြိုလဲသွားဖို့ဆိုရင် NUG ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နေပြည်တော်ကို ချီတက်သိမ်းယူမှ ဖြစ်လိမ့်မယ်။ ဒါက အခုအချိန်မှာ လက်တွေ့ကျတဲ့ မျှော်မှန်းချက်မဟုတ်ဘူးလို့ ထင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။