အစုအပြုံအသတ်ခံရတဲ့အထဲပါတဲ့ ညီအစ်ကိုသုံးဦးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးနဲ့ မေးမြန်းချက်

2021.08.01
Share on WhatsApp
Share on WhatsApp

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ဒေသခံရွာသား ၁၂ ယောက်တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ မနေ့က ဇူလိုင် ၃၁ ရက်မှာ ရွာသားတွေက ရှာဖွေတွေ့ခဲ့ရပါတယ်။ အဲဒီထဲက ညီအစ်ကို အရင်း သုံးယောက်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းထား ပါတယ်။

ညီအစ်ကိုသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ။

သူတို့မိသားစု စားဝတ်နေရေးအတွက် တောထဲမှာ တောင်သူလုပ်ရင်း မီးသွေးခုတ်ရင်းနဲ့ အလုပ်လုပ်နေတာပါ။ အဲလိုနေရင်းနဲ့မှ အဖမ်းခံရတာ။ ၂၈ ရက်နေ့က။ အဲနေ့မှာပဲ နေ့ချင်းပဲ သေတာပါရှင့်။ သေဆုံး တယ်ဆိုတာ သတင်းကတော့ သေပြီးပြီဆိုတဲ့ သတင်းပဲ ကြားရသေးတယ်။ ကျွန်မတို့ မျက်မြင် မတွေ့ရသေးဘူး။ သူတို့ကို မီးကို မသင်္ဂြိုဟ်ရဲသေးဘူး။ အဲနားကို ဘယ်သူမှ မကပ်ရဲကြဘူး။ သေပြီးပြီဆိုတာတော့ အတည်ပြုပြီးပြီ။

သူတို့ရဲ့ နာမည် အသက်တွေ ပြောပြပေးပါအုံး။

ကိုအောင်မြင့်သူ အသက် (၃၂) နှစ်ရှိပါပြီ။ ချင်းတွင်းမောင်က အသက် (၂၅) နှစ်ထဲမှာပါ။ ဖြိုးကျော်အောင် (၁၈) နှစ်ပဲရှိသေးတာပါ။ သူတို့က ညီအစ်ကိုအရင်း သုံးယောက်စလုံးပါ။

သူတို့ရဲ့ ရုပ်အလောင်းတွေကို ဘယ်နေရမှာ ဘယ်လိုပြန်တွေ့တာလဲ။

နွားကျောင်းတဲ့ ကလေးမလေးတွေကနေ အမှတ်မထင်တွေ့တာ။ အဝတ်အစားလေးတွေ မှတ်မိတာကနေ သူတို့သေတယ်လို့ အတည်ပြုတာပါရှင့်။ နေရာက ကျောက်တံခါးဘက်လို့ခေါ်တာ ။ ကျောက်တံခါး ချောင်းထဲမှာ ဖြစ်တာ။ တောတောင်သူလုပ်ရင်းနဲ့ဆိုတော့ ချောင်းနားနီး တောတောင်ရေမြေ ကောင်းတဲ့ နေရာမှာ အလုပ်လုပ်နေတာ။

ရုပ်အလောင်းကိုရော ပြန်ယူလို့ရပြီးလား။

သူတို့က တစ်ခုခု လုပ်ထားခဲ့မှာတို့ သွားပြီးတော့ မီးသင်္ဂြိုဟ်ခဲ့ရင် မိုင်းတွေဘာတွေ ထောင်ထားခဲ့လို့ ကွဲမှာ ကြောက်လို့။ တောသူ တောင်သားတွေဆိုတော့ ပိုကြောက်ကြတာပေါ့။

ရုပ်အလောင်းပုံစံကို ဘယ်လိုမြင်ခဲ့ရလဲ။

ရိုက်နှက်ပြီးတော့ သတ်ထားတဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်။ မျက်နှာတွေ ဖူးယောင်နေတာ။ ရိုက်နှက် ခံပြီး သေထားတဲ့ပုံစံ တွေ့ရတယ်လို့ ပြောတယ်။

ဘာကြောင့်ဖမ်းသွားတယ်ဆိုတာသိလား။

မသိပါဘူး။ သူတို့က မီးသွေးဖုတ်သွားမယ်။ တူဝရီးတတွေ ထိုင်ဝိုင်းပြီး တောရဲ့ဓလေ့ ထမင်းထိုင်စားရင်းနဲ့ လာဖမ်းသွားတယ်လို့ သိရတယ်။ မိန်းကလေးတွေကို တခြားတစ်နေရာမှာ သပြေပန်းချိုး ထွက်နေချိန်မှာ ယောင်္ကျားလေးတွေ စုဝိုင်းပြီး ထမင်းစားနေချိန် ဖမ်းသွားတာဆိုတော့ တိတိကျကျ မပြောနိုင်ဘူး။ စစ်ဝတ်စုံတွေနဲ့ လာဖမ်းသွားတယ်လို့ သိရတယ်။

သူတို့ တောင်ယာအလုပ် လုပ်တဲ့နေရာနဲ့ အသတ်ခံရတဲ့နေရာက ဝေးလား။

တအားကြီး မဝေးလှပါဘူး။ သူတို့တဲနား ပတ်ဝန်းကျင်မှာပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။