ဖက်ဆစ်စစ်တပ် နေဝင်ချိန်ရောက်ပြီလို့ ကိုမင်းကိုနိုင်ပြောကြား
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အခုလို ကောလင်းမြို့ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့တာဟာ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေရဲ့ ဟန်ချက်ညီညီ ကြိုးပမ်းမှုရလဒ်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာ အမှောင်မိုက်ဆုံး အချိန်ကာလတွေကို လွန်မြောက်ခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ဟာ နေဝင်ချိန်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဦးမင်းကိုနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
________________
RFA: ကောလင်းမြို့ကို NUG နဲ့ တခြား မဟာမိတ်တွေပေါင်းပြီး သိမ်းပိုက်နိုင်မှုဟာ မြန်မာ့ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက် အရေးပါတယ်လို့ ယူဆပါသလဲ။
■ ဇာတ်ရှိန်မြင့်လိုက်တော့ ဇာတ်ထွတ်ကို ရောက်လာတာပေါ့၊ အားလုံးလည်း ပြောပြီးသားပါ။ တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြမယ်လို့ ကြွေးကြော်ပြီးသား။ ကြွေးကြော်တဲ့အတိုင်းလည်း အလုပ်လုပ်ကြတာပါ။ အလုပ်လုပ်ကြတယ် ဆိုတဲ့နေရာမှာ ပြည်တွင်းတင်မကဘူး၊ နိုင်ငံတကာရောက် အင်အားစုတွေရဲ့ ပံ့ပိုးမှု၊ ကူညီမှု၊ သူတို့တွေရဲ့ ယန္တရားတွေမှာ ဝင်ပါမှုတွေလည်း အကုန်ပါတယ်။ အဲဒီတော့ ဒါက တကယ်လည်း ဟန်ချက်ညီရင် အဲဒီလို ရလဒ်တွေ အသီးအပွင့်တွေရမယ် ဆိုတာပြတာပဲ။ အခုဆိုရင် ခရိုင်အဆင့်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ပြီဆိုတာ အောင်လံထူနိုင်ပြီ ဆိုတာပြတယ်။ ဆက်ပြီးတော့လည်း ဒီလိုအရှိန်အဟုန်နဲ့ သွားကြမယ်ဆိုရင် တစ်မြို့ပြီးတစ်မြို့ တစ်လှိုင်းပြီးတစ်လှိုင်း လာမယ်ဆိုတာကို သက်သေထူလိုက်တာပါပဲဗျ။
RFA: ရှမ်းပြည်မြောက်ပိုင်းက ၁ဝ၂၇ စစ်ဆင်ရေးကိုရော ကိုမင်းကိုနိုင် ဘယ်လိုသုံးသပ်လဲ။
■ ဒါက ပြည်သူတစ်ရပ်လုံးက တောင့်တချိန်မှာ ပေါ်ရွေ့လာဆိုတာမျိုးပါ။ တကယ်လည်း စစ်ပန်းနေပြီဖြစ်တဲ့ ဖက်ဆစ်တပ်ကို အကောင်းဆုံး အချိန်ရွေးပြီး အသေသတ်ဆိုသလို ခြေသံ အလုံးစုံနဲ့စပြီး ပစ်ဖောက်လိုက်တဲ့ အမြောက်သံတွေပဲ။ ကြည့်ပါ။ ကျွန်တော်တို့ တစ်သက်မှာ မရှိဘူးတဲ့ ပျက်စီးဆုံးရှုံးခြင်းမျိုးကို စစ်ကောင်စီက ကြုံရတယ်။ ဘာကြောင့်လဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ စခန်းပေါင်း ရာကျော်အောင် သူတို့ ဆုံးရှုံးလိုက်ရတယ်။ လက်လွှတ်လိုက်ရတယ်။ တစ်မြို့ပြီးတစ်မြို့။ ဒါကိုပဲ ဒီဘက် တော်လှန်ရေးအင်အားစုကလည်း တစ်လှိုင်းပြီးတစ်လှိုင်း လာမယ်လို့ ကြွေးကြော်ပြီးတော့ကို အနိုင်တိုက်နိုင်တာ တွေ့ရတယ်။ အဲဒီတော့ ဒါဟာ ဒီဖက်ဆစ်တပ်ရဲ့သမိုင်းမှာ အဆိုးဝါးဆုံးသော အခြေအနေပဲ။ ကျွန်တော် ပြောပြီးပြီ။ ပြည်သူလူထုကလည်း အမြင့်မားဆုံးအချိန်ကို ရောက်လာပြီ။ ပြည်သူလူထုရဲ့ အဆိုးဝါးဆုံး အချိန်တွေက ကျော်ခဲ့ပြီ။ အဲဒီတော့ ရှမ်းမြောက်ကနေပြီးတော့ တစ်ဖန်ပြန်ပြီးတော့ စတင်လိုက်တဲ့ အောင်ပွဲဟာ တစ်ပြည်လုံးကို ကူးစက်မှာ။ အောင်ပွဲတွေက ကူးစက်မယ်။ အဲဒီလိုပဲ စစ်တပ်ထဲမှာလည်း ဘာလဲဆိုတော့ ငါတို့ရှုံးခဲ့ရင် ဆိုတဲ့အတွေးက ဖိစီးပြီးတော့ စစ်တပ်ပြိုကွဲတာကို တွေ့ရပြီ။ ရာထူးကြီးကြီးတွေကအစ မလိုက်နာဘဲ ရှောင်ကြတာ။ ပြီးတော့ တိုက်ပွဲတွေမှာ ဆုံးရှုံးရတာတွေ ရှိလာတယ်။ ပြောချင်တာကတော့ စစ်တပ်ထဲမှာ စိတ်ဓာတ်ရေးရာ ပြိုဆင်းတာဟာ ကူးစက်ရောဂါလို ဖြစ်နေပြီ။ ဒါတွေအားလုံးဟာ နွေဦးတော်လှန်ရေးမှာ ရှမ်းမြောက်က ညီနောင်သုံးဖော်ရဲ့ စစ်ဆင်ရေးက အကောင်းဆုံး အထောက်အပံ့ ဖြစ်လာခဲ့တယ်။ ဒီပေါ်မှာ အားလုံးကလည်း သောင်းသောင်းဖြဖြ ကြိုဆိုပြီး နိုင်ငံစုံအနှံ့အပြားက ထပြီးတော့ တစ်ပြိုင်တည်း တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြတာကို တွေ့ကြပါလိမ့်မယ်။ အင်မတန် ကောင်းတဲ့ ဗျူဟာနဲ့ တိုက်ကွက်ပဲ ဖြစ်ပါတယ်။
RFA: အခုလို တိုက်ပွဲတွေ ထူးထူးခြားခြား အောင်မြင်လာတာဟာ ဘာကြောင့်လဲ။ တော်လှန်ရေးသမားတွေရဲ့ ညီညွတ်မှုကြောင့်လား၊ စစ်ကောင်စီရဲ့ အင်အားချည့်နဲ့လာမှုကြောင့်လား။ တခြား ဘယ်လိုအချက်တွေရော ပါသေးသလဲ။
■ အချက်အားလုံး ပါပါတယ်။ တော်လှန်ရေးသမားတွေ ညီတာလည်းပါတယ်။ စစ်ကောင်စီက တဖြည်းဖြည်းနဲ့ ပြိုလဲလာတာလည်း ပါတယ်။ တစ်ဖက်ကလည်း ဖက်ဆစ်စနစ်ကို ကျွန်တော်တို့ ရက်ပေါင်းများစွာ ခုတ်လာတာ။ အဲဒီသစ်ပင်ကြီးကို ရက်ပေါင်း တစ်ထောင် ခုတ်လာတာ။ တစ်နေ့မှ မနားကြဘူး။ ရက်ပေါင်းများစွာ လုပ်လာတာ အချက်ပေါင်း များစွာ ခုတ်လာတာ။ ဒီအပင် ပြိုလဲဖို့ တဂျွတ်ဂျွတ်နဲ့ မြည်နေပြီဆိုတာ ပြနေတာ။ အဲဒီမှာ ကျွန်တော်တို့က ကြိုးတွေနဲ့ ဆွဲချတဲ့သူက ဆွဲချရမှာပဲ။ အားစိုက်ပြီးတော့ ခုတ်တဲ့သူက ခုတ်ရမှာပဲ။ ကျွန်တော်တို့ ပြောဖူးပါတယ်။ အပင်ဘယ်လောက်ကြီးကြီးပါ တစ်ဝက်ကျော်ပြီဆိုရင် သူ့ဝိတ်နဲ့သူ သူ့အလေးချိန်နဲ့သူ ပြိုကျရတော့မှာ။ ဒီမှာ အရေးကြီးတာက ကျွန်တော်တို့ ပြည်သူဘက်က ခိုင်မာတဲ့အဘိဓမ္မာနဲ့ လုပ်ရပ်ပဲဗျ။ အဲဒါကလည်း တစ်ချိန်တုန်းက စစ်ကောင်စီက ငယ်ကြောက်တွေလို ဖြစ်အောင်ပေါ့။ နောက်ဆုံးဗျာ ရဲတို့ ဘာတို့ကအစ စစ်တပ်ကို ငယ်ကြောက်ဖြစ်အောင် လုပ်တာလေ။ ပြည်သူလူထုက ဘာမှမရှိဘူး။ အဲဒီတော့ တော်လှန်ရေးတွေ ဆင်နွှဲတိုင်း အရေးတော်ပုံတွေ ဆင်နွှဲတိုင်း ပြည်သူလူထုက အမြဲတမ်း ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်။ ချေမှုန်းခံရတယ်။ ကိုင်း ဒီတစ်ကြိမ်မှာတော့ ဒီလောက်တောင် မင်းတို့က လက်နက်အားကိုး အနိုင်ကျင့်တာ။ မင်းတို့လက်နက် ကိုင်နိုင်သလို ငါတို့လည်း ကိုင်နိုင်တယ်။ ငါတို့လည်း ငါတို့ချွေးနှဲစာနဲ့ငါတို့ ဝယ်တယ်ကွာ။ မင်းတို့ စစ်ပညာ ရှိသလို ငါတို့လည်း စစ်ပညာ သင်တယ်ကွာ။ အေး မင်းတို့ ရက်ရက်စက်စက် လုပ်သမျှ ငါတို့ ပြည်သူတွေက တရားမျှတတဲ့ တော်လှန်ရေးတစ်ရပ်ကို ငါတို့ဆင်နွှဲနိုင်ပြီဆိုတာ ပြတယ်။ အဲဒီအချိန်မှာ စစ်တပ်ဟာ အခွင့်ထူးခံမှုတွေနဲ့ အလွဲသုံးစားလုပ်မှု ခြစားမှုတွေနဲ့ ပြောရရင်တော့ဗျာ ကျင့်ဝတ်တွေ ချိုးဖောက်ထားတဲ့ တပ်ဟာ အဲဒီကျင့်ဝတ်တွေ ချိုးဖောက်တဲ့ အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းမဆို ကျဆုံးတော့မှာပဲဆိုတာ အချိန်ကိုက် ဖြစ်သွားတာပေါ့။ အဲဒီတော့ ဒီတစ်ချီဟာ ပြည်သူလူထုအတွက်ကတော့ အင်မတန် ရှင်းတယ်။ ပြတ်သားရမယ် ဆိုတဲ့အဖြေကိုပဲ ရတယ်။ တော်လှန်ရေးတို့မည်သည် ပြတ်သားရစမြဲ ဖြစ်တယ်။ အဲဒီအဖြေကိုတော့ ထွက်ပါတယ်။
RFA: လက်ရှိ အခြေအနေကို စစ်ကောင်စီက ဘယ်လိုတုံ့ပြန်နိုင်သလဲ။ ဆိုပါတော့ လတ်တလောမှာ သမ္မတ ဦးဝင်းမြင့်ကို သူ့ဇနီးနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ သိရတယ်။ နောက်ရော ဘယ်လို နိုင်ငံရေး ကစားကွက်တွေ ပေါ်လာနိုင်သလဲ။
■ သူကတော့ အရှုံးသမားရဲ့ ထုံးစံအတိုင်း အာရုံလှည့်ဖြားတာမျိုး လုပ်မှာပဲ။ ကျွန်တော်တို့ပြောခဲ့ပြီးပြီလေ။ ဘာလဲဆိုတော့ အမှတ်နဲ့ ပြည်သူလူထုက အပြည့်အဝ နိုင်ပြီးသား။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ လူပင်လယ်ကြီးတွေဖြစ်ပြီး ပြနိုင်တယ်။ CDM တွေ ရုံးမတက်ဘဲ ရုန်းထွက်ခဲ့ကြတယ်။ အဲဒီမှာ စစ်တပ်က ဘာကိုသုံးခဲ့သလဲဆိုတော့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းကို သုံးခဲ့တယ်။ ပြောချင်တာကတော့ဗျာ ဓားစာခံ၊ စလာကတည်းက အပြစ်မရှိတဲ့ ခေါင်းဆောင်တွေရော ပြည်သူတွေရော ထင်ရှားတဲ့သူတွေရော ဖမ်းခဲ့တယ်။ အဲဒီတော့ ဓားစာခံတွေကို ရက်ရက်စက်စက် လုပ်ပြခဲ့တယ်။ အခု ဘယ်လိုမှမရတော့ဘူး ဆိုရင်တော့ သူဟာသူ မတရားဖမ်းခဲ့တဲ့ ဓားစာခံတွေကိုပဲ တစ်ရစ်ချင်းစီ ဖြေလျှော့ပြီးတော့ ကြေးခေါ်မယ်၊ နိုင်ငံတကာကို ကြေးခေါ်မယ်၊ ဒီဘက်က ညီညွတ်မူကို ဖြိုခွဲမယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုကတော့ အာရုံမလွှဲတမ်းဘဲ အချိန်မဆွဲတမ်းဘဲ စိတ်ဝမ်း မကွဲတမ်းဘဲ ကျွန်တော်တို့က ဒီလိုတုံ့ပြန်ရမှာပဲ။
RFA: ကဲ ခြုံပြောဗျာ။ လက်ရှိ နွေဦးတော်လှန်ရေးဟာ ဘယ်ခရီးကို ရောက်နေပြီလဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဒီကမ္ဘာကြီးက မြင်ရဖို့နီးပြီလား။
■ ဟုတ်ကဲ့ အားလုံးပဲ တွေ့ပါလိမ့်မယ်။ ညကပဲ တပ်မဟာမှူး ကျသွားတယ်။ ဆက်ကြည့်ပါဦး။ ဗိုလ်မှူးကြီးအဆင့်ရှိသူတွေပါ။ အမိန့်တွေဖီဆန်ပြီ။ မတိုက်တော့ဘူး။ ထောင်ပဲ အကျခံတော့မယ်။ အဲဒါ နေရာတကာမှာ ဖြစ်လာမှာ တစ်နေရာတည်း မဟုတ်ဘူး။ အခုစစ်တပ်ထဲမှာ ရှိနေတဲ့သူတွေဟာ အရေးကြီးဆုံး ဖြစ်တဲ့စိတ်ဓာတ် အဲဒီစိတ်ဓာတ်ဟာ တိုက်ပွဲဝင်ချင်တဲ့စိတ်ဓာတ် မဟုတ်တော့ဘူး။ ဆိုလိုတာကတော့ အမှန်တရားဘက်ကို ကူးပြောင်းကြတော့မယ်လို့ ကူးပြောင်းမှသာလျှင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မယ် ဆိုတာကို နားလည်။ အဲဒီတော့ သူက ဘာအားကိုးနဲ့ ဆက်ပြီးတော့ ပြည်သူကို ဖိနှိပ်မှာလဲ။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ပြောဖူးတယ်ဗျ။ အမှတ်နဲ့ အနိုင်ရပြီးသားကို မရဘူး။ အလဲထိုးမှကို ကျွန်တော်တို့ ပြည်သူတွေက အလဲထိုးတော့မှာ အလဲထိုးမယ့်အချိန်မှာ တွေဝေလို့မရဘူး။ ဒီစစ်တပ်ကပဲ။ ဥပမာဆိုပါစို့။ ဒီမြောက်ပိုင်းကနေပြီးတော့ တိုက်လာတာကို နည်းပေါင်းစုံနဲ့ ရပ်တန့်အောင်လည်း ကြိုးစားမှာပဲ။ ဘက်ပေါင်းစုံက အတိုက်ခံရတာတွေကို အာရုံထွေပြားပြီးတော့ အချင်းချင်း စကားများအောင် စိတ်ဝမ်းကွဲအောင် ကြိုးစားမှာ။ ဒါသေချာပေါက်ကို လုပ်တော့မှာ။ အဲဒီအခါမှာ ကျွန်တော်တို့ကို သူကတော့ဗျာ ဆောင်းတွင်းပဲ မြောက်ပြန်လေ တိုက်မှာပေါ့။ မြောက်လေတိုက်တာကို မိုးနတ်မင်းကြီးဆီ သူကသွားပြီးတော့ ခစားပြီးတော့ တားနိုင်ရင် တားခိုင်းမှာ ရင်ဆိုင်လိုက်ပါ။ မြောက်လေဆိုတာ ဆောင်းတွင်းမှာ တိုက်မှာပဲ။ ခင်ဗျားတို့မှာ စောင်နီတစ်ထည်ရှိတာပဲ။ အဲဒါလေး ခြုံလိုက်ပေါ့။ အဲ့ဒါပဲ ရှိတော့တယ်။ သူတို့ အားကိုးနေတယ်။ ခင်ဗျားတို့ သိပါလိမ့်မယ်ဗျာ။ ဆင်းတုတွေ သူတို့ အားကိုးတဲ့ ဆရာတော်တွေရှိတယ်။ သူတို့ အဲဒါတွေနဲ့ ကြိုးစားခဲ့တယ်။ နောက်တစ်ခါ ဆင်ဖြူရှိတယ်။ အဲဒါတွေနဲ့ သူတို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက မလုံလောက်ပါဘူး။ နောက်ဆုံး ပြည်သူလူထုက အဆုံးသတ် တိုက်ပွဲကို တောက်လျှောက် အောင်ပွဲတွေနဲ့ ယူလာတဲ့အခါမှာ ပြည်သူလူထုမှာ အောင်စိတ် ခိုင်နေတယ်ဗျာ။ အဲဒီ အောင်စိတ်ကိုသာ ကျစ်ကျစ်ကိုင်ထား။ ကျွန်တော့်တို့ အမြဲပြောတယ်။ လက်သီးဖြည်တိုက်ရင် တစ်ချောင်းချင်းချိုးမယ်။ လက်သီးဆုပ်ကိုတော့ မဖြည်စတမ်းပဲဆိုတာ။ ဒါပါပဲ။ ကျွန်တော်တို့ ပြည့်သူလူထုရဲ့ အမှောင်ဆုံးအချိန်ဟာ ပြီးမြောက်ခဲ့ပါပြီ။ အရုဏ်ကိုမြင်နေရပြီ။ ဖက်ဆစ်စနစ်ဟာ နေဝင်ချိန်ရောက်ပါပြီ။ ပြည်သူတွေ နောက်ဆုံးအချိန်မှာတော့ အကောင်းဆုံး အင်အားစုစည်းမှုနဲ့ အပြောင်မြောက်ဆုံး ဗျူဟာနဲ့အတူ ဆက်တိုက်ကြဖို့ပါပဲ။
RFA: အခုလို မြန်မာပြည်ရဲ့ အနာဂတ် ဆုံးဖြတ်တော့မယ့် အရေးကြီးဆုံးကာလမှာ တော်လှန်ရေးမှာ ပါဝင်နေသူတွေ အထူးသဖြင့် ခေါင်းဆောင်တွေ၊ သူတို့နဲ့ အနီးကပ် တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ပြောဆိုနေထိုင်ပုံတွေ၊ ဖေ့စ်ဘွတ်ခ်လို လူမှုစာမျက်နှာတွေမှာ ရေးသားတင်ပြတာတွေကို ဘယ်လို အလေးအနက် ထားသင့်တယ် ထင်ပါသလဲ။
■ ဟုတ်ကဲ့။ တော်လှန်ရေးကိုပဲ အာရုံစိုက်ကြမှာပါ။ ဘာလို့လဲဆိုတော့ ဒါသည် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာနဲ့ ဒီနွေဦး တော်လှန်ရေးတင်မကဘူးလေ။ ကျွန်တော်တို့မမွေးခင် ဟို ၆၂ ကတည်းက ရင်ဆိုင်လာခဲ့ရတဲ့တိုက်ပွဲပါ။ လူထုဟာ အဆင့်ဆင့် လက်ဆင့်ကမ်းလာပြီးတော့ အခုပန်းဝင်မယ့်အချိန် ပန်းဝင်မယ့်အချိန်မျိုးမှာ ခြေခေါက်ပြီးတော့ လဲလို့မရဘူး။ ဒါပဲ အရေးကြီးပါတယ်။ အဓိက ကတော့ သတိကြီးကြီး ထားရမယ်။ သူသျှို သွေးခွဲမယ့်အရာတွေကို ကြိုပြီးတော့ ပယ်ထားရမယ်။ ဟန့်တားရမယ်။ ကာထားရမယ်။ ဒါပါပဲ။
RFA: အခုအချိန်မှာ ပြည်တွင်း ပြည်ပရောက် မြန်မာပြည်သူတွေအနေနဲ့ရော ဘယ်လိုခံယူချက်တွေထားပြီး ဘာတွေ လုပ်သင့်သလဲ။
■ ပြည်တွင်း ပြည်ပ ကျွန်တော်ကတော့ ပြောပြီးပြီ။ ရောက်နေတဲ့နေရာ အရေးမကြီးဘူး။ လူတိုင်းလူတိုင်းဟာ မိမိကျင့်နေတဲ့ တရားသာလျှင် အရေးကြီးတယ်။ အဲဒီတော့ အားလုံးက ကိုယ့်တာဝန်ကို လုပ်ရမှာပဲ။ ကျွန်တော်တို့ပြောပြီးပါပြီ။ သစ်ပင်တစ်ပင်မှာ ပန်းပွင့်တဲ့အလုပ်ကို ရိုးတံက လုပ်ပါလိမ့်မယ်။ အဲဒါကတော့ မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ PDF အပါအဝင် တော်လှန်ရေးတပ်သားများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက အဲဒီပန်းပွင့်တဲ့အလုပ်ကို လုပ်ကြလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ မိမိတတ်နိုင်သမျှ လုပ်ကြမယ်ဆိုတဲ့ ပြည်သူ အများစုကတော့ အမြစ်တွေလိုပေါ့ဗျာ။ မြေကြီးနက်နက်မှာ ရေရှာထွက်ရမယ်။ အဲဒါဘာလဲဆိုတော့ ဘဏ္ဍာရေး ထောက်ပံ့ရေး စိတ်ဓာတ်ရေးရာ ခွန်အားတွေ ပေးကြရမယ်။ အဲဒီလိုပဲ။ သစ်ရွက်တွေကလည်း နေပူခံပြီးတော့ အစာချက်ရမယ်။ အဲဒါဘာလဲ။ ကျွန်တော်တို့ ဒီခြံစည်းရိုးရဲ့အပြင်မှာ သစ်ကိုင်းတွေ ရောက်ချင် ရောက်နေမယ်။ ဒါပေမဲ့ အဲဒါ ဒီသစ်ပင်ကပဲလေ။ ဒီအပင်က ဒီအရွက်တွေ၊ အဲဒီတော့ အစာချက်တဲ့အလုပ်ကို လုပ်ကြရမယ်။ အဲဒီတော့ နိုင်ငံတကာ ရောက်နေသူတွေဟာ ဒီထက်ပိုပြီးတော့ လုပ်အားတွေ ဉာဏ်ပညာတွေ ဓနအင်အားတွေကို နောက်ဆုံးတိုက်ပွဲမှာ စိုက်ထုတ်ကြရမှာပဲ။ သူတို့တွေလည်း နားလည်ပါတယ်။ သူတို့တွေရဲ့ တန်ဖိုးတွေကလည်း ဟန်ချက်ညီညီရှိနေတာပါ။ ကျွန်တော် ပြောပြီးပါပြီ။ အခုတော်လှန်ရေးမှာ ယန္တရား အသီးသီးရှိတယ်။ အဲ့ဒီယန္တရား အသီးသီးမှာ ပြည်တွင်း ပြည်ပ နယ်စပ် အားလုံးကနေပြီးတော့ တာဝန်တွေ ဝင်ထမ်းနေကြတယ်။ ဒီတစ်ကွေ့မှာတော့ အာရုံအကွဲမခံပါနဲ့။ အချင်းချင်း စိတ်ဝမ်းမကွဲစေနဲ့။ အာရုံလည်း မလွဲနဲ့။ အချိန်လည်း မဆွဲနဲ့။ ဒီတစ်ပွဲကိုတော့ဗျာ။ တစ်သံတည်းညီ တစ်ချီတည်း ရုန်းပြီးတိုက်ကြဖို့ပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။