သူရဦးရွှေမန်းနဲ့ တောင် သူတွေ တွေ့ဆုံပွဲ အကြောင်း မေးမြန်းချက်

2014-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာဗိုလ်ချုပ်ကြေးရုပ်ကွင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဧရာဝတီတိုင်းဒေသကြီး ခရိုင် ၆ ခုက တောင်သူလယ်သမား ကိုယ်စားလှယ် ငါးထောင်ကျော်နဲ့ တွေ့ဆုံပြီး လယ်ယာမြေပြဿနာတွေအရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းနဲ့ မေးမြန်းချက်အပြည့်အစုံ

စန်းမော်အောင်။    ။ ဧရာဝတီတိုင်းဒေသကြီးထဲက တောင်သူလယ်သမား တွေတွေ့ဆုံပွဲမှာ ဘယ်အချက်တွေကိုများဆွေးနွေးခဲ့ကြလဲရှင့်။

ဦးထိန်လင်း။        ။ တောင်သူလယ်သမားကိုယ်စားလှယ်တွေကနေ စာတမ်းလေး ၃ စောင်တင်တယ်၊ ဒီစာတမ်းလေးပေါ်မှာ ထောက်ခံကြတယ်ပေါ့၊ တောင်သူလယ်သမားဘဝနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နောက်စာတမ်း ၂ ကတော့ တောင်သူလယ်သမားများရဲ့ လယ်ယာမြေပြဿနာများကို အဖြေရှာဆောင်ရွက်ပေးရန်၊ နောက်တစ်ခုကတော့ တောင်သူလယ်သမားအင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရန်ဆိုတဲ့ ဒီခေါင်းစဉ် ၃ ခုကို အခြေခံပြီးတော့ ဆွေးနွေးကြတာပါ၊ ကျနော်တို့ ဧရာဝတီတိုင်းမှာ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေပြဿနာတွေ၊ ယနေ့တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အရင်းအနှီး သွင်းအားစုတွေ အခက်အခဲတွေဖြစ်နေတာတွေ၊ အလုပ်အကိုင် အခွင့်အလန်းရှားပါးတာတွေ လုပ်သားရှားတဲ့ အတွက် စက်မှုလယ်ယာပြောင်းဖို့အတွက်၊ ဒီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒါတွေလုပ်ပေးပါလို့ အကြမ်းမျဉ်းအားဖြင့်တော့ ဒီလိုလေးဆွေးနွေးတာရှိပါတယ်။

စန်းမော်အောင်။    ။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရရွှေမန်းအနေနဲ့ရော တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ သူရဲ့အမြင်ကို ဘယ်လိုမျိုးပြောကြားခဲ့လဲ၊ တောင်သူလယ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းပေးဖို့များ ပြောကြားခဲ့လဲရှင့်

ဦးထိန်လင်း။        ။ ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ တောင်သူလယ်သမား တွေရဲ့ဘဝနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကို ရှေးရှုပါတယ်၊ ကျနော်တို့တိုင်း ဒေသကြီးမှာဖြစ်နေတဲ့၊ လယ်သမားတွေလိုအပ်တဲ့၊ လယ်သမားတွေသိချင်နေတဲ့ လယ်ယာမြေပြဿနာတွေက များနေတာကို ဥက္ကဌကြီးအနေနဲ့ ပြောပါတယ်၊ ဒါနဲ့ အခြေခံပြီးဖြေရှင်းဖို့ကို အစိုးရအဖွဲ့ကိုလဲ သူတိုက်တွန်းသွားပါတယ်၊ ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ချလုပ်ဖို့ ကိုလဲ ပြောသွားတာရှိပါတယ်။

စန်းမော်အောင်။    ။ ဧရာဝတီတိုင်းမှာဆိုလဲ တောင်သူလယ်သမားတွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာကလဲ လယ်ယာမြေပြဿနာဖြစ်နေတယ်၊ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေဖြေရှင်းပေးဖို့အတွက်ကိုရော ဘယ်လိုလိုအပ်ချက်တွေကိုများ ဆောင်ရွက်ဖို့ လိုနေသေးလဲရှင့်။

ဦးထိန်လင်း။        ။ လယ်ယာမြေပြဿနာကို အဖြေရှာဆောင်ရွက်ပေးရေးဆိုတဲ့ဟာနဲ့ပတ်သက်ပြီး ဒီပြဿနာတွေကိုလဲ ၆ ချက်လောက်သူတို့ထောက်ပြသွားပါတယ်၊ စီမံကိန်းတွေအတွက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုင်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားတယ်ပေါ့၊ ဒါကိုလဲ ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်ပဲနဲ့ မြေလွတ်မြေရိုင်းတွေကျန်နေတယ်၊ အချိန်ကြာမြင့်မှ ဖြေရှင်းပေးတဲ့အတွက် လယ်သမားတွေပိုမိုနစ်နာနေပါတယ်လို့ ဆွေးနွေးတာတွေလဲကြားရတယ်။

စန်းမော်အောင်။    ။ တောင်သူလယ်သမားတွေအတွက်ကိုရော ဘယ်လိုမျိုးဆက်လက်လုပ်ဆောင်သွားပေးဖို့ ဒီနေ့တွေ့ဆုံပွဲကနေရော ရခဲ့လဲရှင့်၊ နောက်ပြီးတော့ တောင်သူလယ်သမားတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေမှာ ဘယ်အချက်တွေများ ဖြေရှင်းပေးဖို့လိုအပ်နေတာကို တွေ့ရလဲရှင့်

ဦးထိန်လင်း။        ။ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကြီးကလဲ အဲ့ဒီမှာ နှုတ်ခွန်းဆက်စကားပြောပါတယ်၊ ပြောတဲ့အခါမှာ တောင်သူလယ်သမားတွေက သီးနှံတွေကျတယ်၊ သီးနှံတွေပျက်တယ်၊ အဲ့ခါကျတော့ချေးထား တဲ့ငွေတွေ ပြန်မဆပ်နိုင်ဘူးပေါ့၊ ဒီလိုခါမျိုးမှာလဲ ချေးငွေတွေ ရှိပေးဖို့ပေါ့၊ နောက် လယ်ယာမြေပြဿနာလိုဟာမျိုးတွေ၊ တောင်သူလယ်သမား၊ ဆင်းရဲသားမိသားစုတွေရဲ့သား၊ သမီးတွေပေါ့၊ ဒါပညာသင်ကြားရေးကအစ ထူးချွန်တဲ့ ကလေးတွေကို ပညာသင်ကြားနိုင်ဖို့အတွက် ဒါငွေကြေးအထောက်အပံ့တွေရှိလားပေါ့၊ အဲ့လိုမေးတဲ့ခါကျတော့ လယ်ယာလုပ်ပိုင်ခွင့် ပုံစံ ၇ လက်မှတ်ကို အသုံးပြုပြီးတော့ ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရဆိုရင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ဆိုတဲ့ သဘောပေါ့၊ အဲ့နာမည်လေးနဲ့ ဘဏ်တစ်ခုကို ၃ လအတွင်းဆောင်ရွက်မယ်၊ တောင်သူလယ်သမားကြီးတွေကို အဲ့သတင်းပေးသွားပါတယ်။

စန်းမော်အောင်။    ။ ဧရာဝတီတိုင်းဒေသကြီးက တောင်သူလယ်သမားတွေက နိမ့်ကျမှုတွေရှိနေသေးတယ်ရှင့်၊ အဲ့အချက်ကိုများထည့်သွင်းဆွေးနွေးသွားသေးလားရှင့်

ဦးထိန်လင်း။        ။ တောင်သူလယ်သမားတွေ ယနေ့ထက်ထိ ဆင်းရဲကျပ်တည်းနေ တဲ့ ဟာတွေကိုလဲ သူပြောပါတယ်၊ ဧရာဝတီ တိုင်းအတွက်လဲပြောပါတယ်၊ တစ်နိုင်ငံ လုံးရဲ့လယ်သမားတွေ အတွက်လဲပြောပါတယ်၊ ၂၀၁၂ လယ်ယာမြေ ဥပဒေတွေပြဌာန်း ပေးတာတို့၊ လယ်သမားအကျိုးစီပွားကာကွယ်မြှင့်တင်ရေး ဥပဒေပေါ့၊ ဒါတွေကို ပြဌာန်းပေးတာတို့ ဥပဒေနဲ့ အညီနည်းဥပဒေပေါ်ပေါက်လာလို့ရှိရင် လယ်သမားကြီး တွေလိုအပ်နေတဲ့ နှစ်စဉ်ချေးငွေကိစ္စမျိုး၊ ၁ နှစ်၊ ၂ နှစ်ဆိုင်းတဲ့ လယ်ယာကိရိယာ ဝယ်တဲ့ ကိစ္စမျိုးတွေ၊ အခက်တွေ့ရင် ဘယ်လိုကာကွယ်မလဲ ဆိုတာတွေက နည်းဥပဒေတွေပေါ်ပေါက်လာရင် ဒါအကူအညီပေးနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်အနေနဲ့ လယ်သမားကြီးတွေအကျိုးအတွက် ဆောင်ရွက်နေပါတယ် ဆိုတာလေးတွေ၊ ဒါလေးတွေပြောသွားပါတယ်။

 

 

 

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့