အမေရိကန်အစိုးရသစ်ရဲ့ မြန်မာအပေါ် မူဝါဒ ချက်ချင်းအပြောင်းအလဲ မဖြစ်နိုင်ကြောင်း သံအမတ်ဟောင်းပြော
2024.12.07
■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် လုပ်ပေးမယ့် 'ချန်ပီယံ' ဖြစ်လာမယ့်သူကို ရှာနိုင်ဖို့ လိုတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့ မာစီရယ်က RFA နဲ့ သီးသန့်မေးမြန်းရာမှာ ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရက ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အားပေးထောက်ခံနေတာဟာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား အားပြိုင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ဘက်က မမြင်အောင် ကြိုးစားဖို့ လိုတယ်လို့လည်း သူက သုံးသပ်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
_____
RFA : အခုလို မေးမြန်းခွင့်ပြုတာ ကျေးဇူးတင်ပါတယ်။ အခု လာမယ့် ထရမ့်အစိုးရသစ်လက်ထက်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒတွေ ပြောင်းလဲသွားမလားဆိုတာ မြန်မာအသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အမေရိကန်နိုင်ငံရဲ့ အားပေးထောက်ခံမှု၊ နောက်ပြီး ဘတ်ဂျက် လျော့ချဖြတ်တောက်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့တွေကို ပေးနေတဲ့ ရန်ပုံငွေ လျော့ကျသွားနိုင်တဲ့ အခြေအနေနဲ့ နောက်ဆုံး မြန်မာဒုက္ခသည်တွေခေါ်ယူနေတဲ့ အခြေအနေတွေ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေအရ လာမယ့် အမေရိကန် အစိုးရသစ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လို အပြောင်းအလဲတွေ ဆောင်ကြဉ်းလာနိုင်တယ်လို့ သုံးသပ်ပါသလဲ။
Scot Marciel : ကျွန်တော် သိရသလောက်တော့ လာမယ့် ထရမ့်အစိုးရဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘာမှ မပြောဖူးသေးပါဘူး။ လာမယ့် အမေရိကန် အစိုးရသစ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတဲ့ အကြံညဏ်တွေ ရှိပြီးသား ဖြစ်မယ်မထင်ပါဘူး။ ရေတိုမှာ စိုးရိမ်စရာရှိတာ ဒုက္ခသည်တွေ ခေါ်ယူတဲ့အစီအစဉ်ပဲ ရှိမယ်ထင်ပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ပထမ သက်တမ်းတုန်းက အမေရိကန်ကိုလာတဲ့ ဒုက္ခသည်အားလုံးကို မလိုလားတဲ့ သဘောထားရှိခဲ့ပါတယ်။ သေချာပေါက် မပြောနိုင်သေးပေမဲ့ ခုတစ်ကြိမ်မှာပဲ ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး လူသားချင်း စာနာမှုအကူအညီတွေ ပေးတဲ့အပိုင်းနဲ့ ပတ်သက်လို့လည်း မသေချာမှုတွေ ဆက်ရှိနေပါလိမ့်မယ်။
ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်တဲ့အခါ၊ နောက်တက်လာတဲ့ အစိုးရသစ်ကနေ “ဒီအပိုင်းကိုတော့ ပြောင်းလဲရမယ်” လို့ ပြောလာတာ မရှိသေးသရွေ့ အရင်အစိုးရလက်ထက်က အတိုင်းဆက်သွားနေလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ မူဝါဒက ချက်ချင်း ပြောင်းလဲသွားတာမျိုး ဖြစ်မယ် မထင်ပါဘူး။ ဒါပေမဲ့ သမ္မတ ထရမ့်အတွက် မြန်မာ့အရေးက ဦးစားပေး ကိစ္စတော့ ဖြစ်မှာ မဟုတ်ပါဘူး။
ဒီနေရာမှာ မြန်မာနိုင်ငံအတွက်ရော၊ မြန်မာပြည်သူတွေ အတွက်ပါ အရေးကြီးတဲ့ မေးခွန်းတစ်ခုက လာမယ့် ထရမ့်အစိုးရအဖွဲ့ထဲမှာ မြန်မာနိုင်ငံအတွက် “ချန်ပီယံ” တစ်ယောက် ရှာတွေ့မလား ဆိုတာပဲ။ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် အထက်လွှတ်တော် အမတ် မာကိုရူဘီယို (Marco Rubio) ဆိုရင် ဒီလို ချန်ပီယံ ဖြစ်လာဖို့ အလားအလာရှိပါတယ်။ သူက အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ပါဝင်ခဲ့တဲ့အတွက် နိုင်ငံခြားရေး ကိစ္စတွေကို ကောင်းကောင်း နားလည် သဘောပေါက်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အများကြီး စဉ်းစားပေးခဲ့ဖူးပါတယ်။ အခြားအစိုးရ အဖွဲ့ဝင်တွေအားလုံးကို မသိရသေးပေမဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ အခုကတည်းက ဒီလို လူတွေကို စတင်ဆက်သွယ်ပြီး ဆက်ဆံရေး ထူထောင်ထားဖို့ လိုပါတယ်။ မာကို ရူဘီယိုလို မြန်မာနိုင်ငံအကြောင်း သိပြီးသားသူမျိုးကိုရော၊ အမျိုးသား လုံခြုံရေး အကြံပေး မိုက်ခ် ဝေါ့ဇ် (Mike Waltz) လို မြန်မာနိုင်ငံအကြောင်း ဘာမှ မသိသေးတဲ့ သူမျိုးကိုရော ဆက်သွယ်ပြီး ရှင်းပြဖို့ လိုပါတယ်။ နိုင်ငံရေးအရရော၊ လူသားချင်း စာနာမှု အကူအညီပေးတဲ့ အပိုင်းမှာပါ အမေရိကန်နိုင်ငံရဲ့ ဆက်ပြီး အားပေးထောက်ခံမှုက မြန်မာပြည်သူတွေအတွက် အလွန် အရေးကြီးတယ်ဆိုတာ သိအောင် ရှင်းပြနိုင်ဖို့ လိုပါတယ်။
RFA: ခုနက ပြောခဲ့သလိုပဲ အမေရိကန် အစိုးရအဆက်ဆက်မှာ မြန်မာနိုင်ငံအရေးက ဦးစားပေး ကိစ္စ မဟုတ်တဲ့အတွက်၊ လူကြီးမင်းရဲ့ အတွေ့အကြုံအရပေါ့။ လာမယ့် ထရမ့်အစိုးရ လက်ထက်မှာ မြန်မာ့အရေးကို အရေးကြီး ကိစ္စတစ်ခုအနေနဲ့မြင်ပြီး ပိုပြီး အာရုံ စူးစိုက်ဆောင်ရွက်လာဖို့ စည်းရုံးလို့ ရနိုင်မယ် ထင်ပါသလား။
Scot Marciel : ထရမ့်အစိုးရရဲ့ ဦးစားပေး ထိပ်ဆုံး သုံးခုလောက်ထဲမှာပါဖို့ မျှော်လင့်ရင်တော့ လက်တွေ့မကျပါဘူး။ လက်ရှိ အခြေအနေတွေအရ တရုတ်နိုင်ငံကိစ္စ၊ ရုရှား-ယူကရိန်း အရေးနဲ့ အရှေ့အလယ်ပိုင်း အရေးတွေကပဲ ထိပ်တန်း ဦးစားပေး ဖြစ်မှာပါ။ ဒါပေမဲ့ အခြားနိုင်ငံတွေနဲ့ အခြား အရေးကိစ္စတွေအတွက် နေရာနဲ့ အသုံးပြုဖို့ အရင်းအမြစ်တွေ အများကြီး ကျန်ပါသေးတယ်။ ထိပ်ဆုံး ဦးစားပေး ကိစ္စတွေထဲမှာ မပါပေမဲ့ အရေးကြီး ကိစ္စတစ်ခုအနေနဲ့ အာရုံစိုက်ခံရဖို့ ဖြစ်နိုင်ပါတယ်။ အရေးကြီးတဲ့အပိုင်းက မြန်မာနိုင်ငံအရေးဟာ အမေရိကန်အတွက် အရေးကြီးကိစ္စဖြစ်သင့်တယ်ဆိုတဲ့ သတင်းစကားကို အသစ်တက်မဲ့ အစိုးရအဖွဲ့ထဲက အရေးကြီးပုဂ္ဂိုလ်တွေဆီကို ရောက်အောင် ပို့ပြီး ဆွဲဆောင်စည်းရုံးတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါက မြန်မာပြည်သူတွေအတွက် အမြဲအခက်တွေ့လေ့ရှိတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီအတိုင်း ငြိမ်နေမယ်ဆိုရင်တော့ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ပါဘူး။
RFA: နောက်ပြီးတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး လူကြီးမင်းရဲ့ သုံးသပ်ချက်ကို သိချင်ပါတယ်။ အခုဆိုရင် တရုတ်အစိုးရက စစ်ကောင်စီဘက်က ရပ်တည်တဲ့အကြောင်း ပေါ်ပေါ်ထင်ထင်ပဲ ပြသလာပါတယ်။ မကြာခင်က မြန်မာ စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံကို လာရောက်ခွင့် ပြုခဲ့သလို၊ မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုး စီးပွားတွေကို ကာကွယ်ဖို့ မြန်မာစစ်တပ်နဲ့ ပူးတွဲပြီး ကြေးစားတပ်ဖွဲ့တွေ တည်ထောင်ဖို့လည်း ကြိုးစားနေပါတယ်။ ဒီလို အခြေအနေမှာ အမေရိကန်ဘက်က တုံ့ပြန်မှုက ဘယ်လို ဖြစ်နိုင်တယ်လို့ သုံးသပ်ပါသလဲ။
Scot Marciel : ထရမ့်အစိုးရသစ်က ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိနိုင်သေးပေမဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကို နှစ်မြို့မှာ မဟုတ်ဘူးဆိုတာတော့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ လာမယ့် ထရမ့်အစိုးရ အနေနဲ့ရော၊ အခြား ဘယ်အစိုးရအဖွဲ့အနေနဲ့ မဆို၊ အမေရိကန် နိုင်ငံဘက်က ကြုံနေရတဲ့ စိန်ခေါ်မှုတစ်ခုက တစ်ဘက်မှာ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်မြဲဖို့အားပေးထောက်ခံနေတာကို အမေရိကန်နဲ့ တရုတ်ကြား အားပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထောက်ခံနေတာ မဟုတ်ကြောင်း ပြသဖို့ ဖြစ်ပါတယ်။ အဲဒီလို မြင်နေမယ်ဆိုရင် တရုတ်အစိုးရဘက်ကလည်း မြန်မာစစ်တပ်ဘက်က ထောက်ခံကြောင်း ပိုပြီး ပေါ်ပေါ်ထင်ထင် ပြလာဖို့ တွန်းအားဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
ဒီနေရာမှာ Nuanced diplomacy လို့ခေါ်တဲ့ သံတမန်ရေး နည်းဗျူဟာသုံးဖို့ လိုအပ်ပါတယ်။ သဘောကတော့ အမေရိကန်နိုင်ငံဘက်က မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုအကူအညီပေးတာနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အားပေးထောက်ခံနေတာတွေ အားလုံးဟာ၊ မြန်မာနိုင်မှာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်နိုင်ဖို့ ကူညီနေတာသာဖြစ်ပြီးတော့၊ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု လျော့ချဖို့၊ တရုတ်နိုင်ငံကို လုံးဝ မြန်မာနိုင်ငံကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ကြောင်း တရုတ်အစိုးရက မြင်လာအောင် လုပ်ဖို့ ဖြစ်ပါတယ်။ တရုတ်အစိုးရက ဒီလိုမြင်နေရင် မြန်မာ့အရေးအတွက် အကျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံခြားရေး ဝန်ကြီးသစ် မာကိုရူဘီယိုနဲ့ အဖွဲ့ဟာ ဒီနည်းဗျူဟာကို သုံးပြီး၊ မြန်မာနိုင်ငံရေးကို ချဉ်းကပ်တာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံအရေးကို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေထဲကနေ လွတ်မြောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်အောင် ကူညီပေးဖို့ ရည်ရွယ်တဲ့ မူဝါဒနဲ့ ချဉ်းကပ်တာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။
RFA: ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကောင်စီရဲ့နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို သုံးသပ်မယ်ဆိုရင် ဘယ်လို အောင်မြင်မှု၊ ကျရှုံးမှုတွေ ရှိခဲ့တယ်လို့ ထင်ပါသလဲ။
Scot Marciel : ၂၀၂၄ ခုနှစ်မှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုကတော့ စစ်ကောင်စီကို တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုပါ။ တရုတ်အစိုးရဟာ အစပိုင်းမှာ နယ်စပ်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ရပ်တည်ကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြလာပါတယ်။ ဒါက မြန်မာစစ်တပ်ရဲ့ အောင်မြင်မှု ဆိုတာထက် တရုတ် အစိုးရဘက်က မူဝါဒ အပြောင်းအလဲဖြစ်သွားတာလို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြီး ဒါဟာ တရုတ်အစိုးရက စစ်ကောင်စီနဲ့ ရာသက်ပန် ပူးပေါင်းလိုက်တဲ့ သဘောလည်း မဟုတ်ပါဘူး။ တရုတ် အစိုးရဟာ အာဏာရှိတဲ့ ဘယ်သူနဲ့မဆို ပူးပေါင်း အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ၂၀၁၆ တုန်းကလည်း တရုတ်နိုင်ငံဟာ အာဏာရ NLD ပါတီနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ အားပေးထောက်ခံမှုကို ပေါ်ပေါ်ထင်ထင်မြင်လာရတာ မြန်မာစစ်တပ်အတွက် အကျိုးရှိစေပါတယ်။ တရုတ်က တအာင်းတပ်တွေနဲ့ ကိုးကန့် MNDAA တပ်တွေကို ဖိအားပေးလာတာကြောင့် စစ်တပ်အတွက် ရေတိုအောင်မြင်မှု ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ဖိအားပေးတာကြောင့် စစ်တပ်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်သိမ်းယူနိုင်လောက်တဲ့အထိ ဖန်တီးပေးလိမ့်မယ်လို့တော့ မထင်ပါဘူး။
---