ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နေပြည်တော်မှာ အင်အားပြ ပြိုင်ဆိုင်မှုတွေ ပိုများလာ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ် ဝေလွင်နဲ့ ယှဉ်ပြိုင်မယ့်၊ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။

အင်အားကြီးပါတီတွေဖြစ်တဲ့ USDP နဲ့ NLD ပါတီကို ထောက်ခံသူတွေဟာ နေပြည်တော်မှာ နေ့စဉ် လူထောင်နဲ့ချီပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အင်အားပြလှည့်လည်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ ယှဉ်ပြိုင်ဘက် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခေါ်) စာရေးဆရာ မောင်တင်သစ်နဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေဟာ တစ်အိမ်တက်ဆင်း မဲဆွယ်နည်း အပါအဝင် နည်းလမ်းအမျိုးမျိူးနဲ့ မဲဆွယ်စည်းရုံးနေကြတာပါ။

ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးရည်မွန်(ခေါ်) မောင်တင်သစ်က "ဒီတကြိမ်မှာတော့ အရင် ၂၀၁၅ ရွေးကောက်ပွဲထက် မဲအသာစီးနဲ့ အနိုင်ရမယ်" လို့ ယုံကြည်ကြောင်း ပြောပါတယ်။

"တပ်မဲတွေကလည်း ဒီနှစ်ရွေးကောက်ပွဲမှာ ပိုပြီးတော့ တိုးလာတာသေချာတယ် အဲဒီတော့ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းက တပ်မဲက တစ်သောင်းဝန်းကျင်လောက်ရှိမယ်၊ ဒီနှစ်ကျတော့ ငါးထောင်လောက်တိုးလာမယ်၊ တစ်သောင်းခွဲလောက်ရှိမယ်။ တပ်မဲတိုးသလို အရပ်သားပြည်သူတွေရဲ့မဲလည်း တိုးတယ်ပေါ့ဗျာ၊ အရပ်သားပြည်သူတွေရဲ့မဲကလည်း ဒီနှစ် တစ်သောင်းခွဲလောက် တိုးလာတယ်၊ အဲတော့ စုစုပေါင်း တစ်မြို့နယ်လုံး မဲပေးမယ့်သူက ကိုးသောင်း ပိုပိုလောက်ရှိမယ်၊ ပထမ တစ်ပတ်ပေါ့၊ မြို့နယ်ကို ရောက်ပြီးတဲ့ အချိန်မှာ ကျတော်တို့ ခန့်မှန်းချက်ကတော့ ပြည်သူလူထုထောက်ခံမူ ပိုအားကောင်းလာတာ တွေ့တဲ့အတွက် ဒီနှစ်လည်း ပြည်သူ့မဲအသာနဲ့ပဲ NLD နိုင်လိမ့်မယ်လို့တော့ မှန်းပါတယ်"

ပုဗ္ဗသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီ ၆ ခုက ကိုယ်စားလှယ်လောင်း ခြောက်ဦးနဲ့ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှာ ပြည်သူ့လွှတ်တော် နေရာအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နဲ့ NLD က ဦးရည်မွန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဦးရည်မွန် က ၁၇၆ မဲအသာနဲ့ အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးရည်မွန်( ခေါ် ) မောင်တင်သစ်က ၂၇,၃၂၁ မဲ၊ ဦးဝေလွင်က ၂၇,၁၄၅ မဲ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ၇၂၉ မဲ ရရှိခဲ့တာဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာ မဲဆွယ်စည်းရုံးတဲ့ အခြေအနေနဲ့ ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာ ဘယ်လိုမဲရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားသလဲ စတဲ့ ကိစ္စတွေ သိနိုင်ဖို့ ပြည်သူ့လွှတ်တော် USDP ကိုယ်စားလှယ်လောင်း ဦးဝေလွင်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပုဗ္ဗသီရီမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ကိုးသောင်းကျော်ရှိပြီး အဲဒီထဲမှာ တပ်မတော်သား မိသားစုဝင် ဦးရေ တစ်သောင်းခွဲခန့်ရှိပါတယ်။ ၂၀၂၀ မှာ ရွေးကောက်ပွဲ နည်းဥပဒေသစ်အရ တပ်မဲရုံတွေကို အပြင်ထုတ်ဖို့ သတ်မှတ်ထားပေမယ့်၊ တပ်မဲရုံတွေကို အပြင်ထုတ်ရုံသက်သက် မဟုတ်ဘဲ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ တခြားပြည်သူတွေနဲ့အတူရောပြီး မဲပေးသင့်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။

အခုပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တပ်မတော်သားတွေ မဲပေးရမယ့် မဲရုံငါးခုဟာ တပ်မဲရုံသီးသန့်ဖြစ်နေပြီး၊ အရပ်သားတွေနဲ့ ရောနှောမဲပေးရတာမျိုး မဟုတ်ဘူးလို့ ဦးရည်မွန်က ရှင်းပြပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်ဦး က "ပုဗ္ဗသီရိမြို့နယ်မှာ ပြိုင်ဘက်တွေက အင်အားကြီးပေမယ့် သူ့အနေနဲ့ကတော့ အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်" လို့ ပြောပါတယ်။

"ပုဗ္ဗသီရိက နည်းနည်းပွဲကြပ်တယ်ဗျ၊ ဘာလို့လဲဆို ကြံ့ခိုင်ရေးမှာ ဝင်ပြိုင်မယ့်လူကလည်း တစ်ချိန်က နေပြည်တော်ရဲ့ ဗိုလ်ချုပ်ကြီး ဝေလွင်ဆိုတာကလည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးလည်းဖြစ်ခဲ့ဖူးသလို အဲအတွက် သူ့အင်အားကလည်း အင်မတန်ကြီးပါတယ်၊ NLD က ဦးရည်မွန်တာလည်း မနှစ်က ဦးဝေလွင်ကို အမှတ် နည်းနည်းလေးအသာနဲ့ နိုင်သွားခဲ့တဲ့ လူတစ်ဦးဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ သူ့ရဲ့ ပါဝါကလည်း အင်မတန်မှကိုကြီးပါတယ်၊ သို့သော် ပါဝါကြီးတာ ငယ်တာ အကောင်ကြီးတာ အကောင်သေးတာထက် ကျတော်တို့က ပြည်သူ့ရင်ထဲကလာတဲ့ မဲတစ်ပြားကိုပဲ လိုချင်တာပါ။ ဆင်ဆိုတဲ့ အကောင်က အကောင်ကြီးပေမယ့် ပုရွတ်ဆိတ်ကိုလည်း ကြောက်ရတာပါပဲခင်ဗျ၊ ကြွက်ကိုလည်း ကြောက်ရတာပါပဲခင်ဗျ အဲလိုမျိုး ဥပမာတွေလည်း ရှိပါတယ်"

အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆာင်ပါတီ UBP ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ၉၂၇ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ယှဉ်ပြိုင်မယ့် အသက် ၃၃ အရွယ်ရှိသူ UBP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်မြတ်သဲပွင့်က သူမဲဆွယ်စည်းရုံတဲ့ အခြေအနေကို RFA ကို ရှင်းပြပါတယ်။

"ပြိုင်ဘက်ကြီးတယ် ပြုတယ်ဆိုတာတော့မှန်ပါတယ် ဒါပေမယ့် ကျမကိုယ်ကျမ အေးအေးဆေးဆေးလေးနဲ့ပဲ ဒီအတိုင်းလေးပဲ သွားနေတာဆိုတော့ ကျမဘက်က ရာခိုင်နှုန်းလည်း သူ့ဟာသူလေးတော့ ရှိပါတယ်။ နောက်ကျမရဲ့ အားသာချက်လည်း ဖြစ်သလို အားနည်းချက်က အမျိုးသမီးလည်းဖြစ်တယ် နောက်ပြီး ကျမမှာကလည်း ပြိုင်ဘက်တွေလောက် အင်အားမကြီးတော့ ကျမအပေါ် သနားတဲ့ စိတ်နဲ့လည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ကြတာက အဓိကကျပါတယ်။ ကျမတို့ရဲ့ ဘကြီးပေါ့ ဥက္ကဋ္ဌကြီးရဲ့ ပန်းဖလက်ရဲ့ နောက်ကြောက ၁၂ ချက်က ပြည်သူတွေကြားထဲရော၊ ဒီစစ်မူထမ်းဟောင်းတွေကြားထဲကို ရောက်သွားတဲ့အခါ အဲဒီရဲ့ ရာခိုင်နှုန်းနဲ့ပဲ ကျမတို့ အတွက်ကတော့ တော်တော် ထိရောက်တယ်လို့ ပြောရမယ်ရှင့်"

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်နီးကပ်လာချိန် နေပြည်တော်နယ်မြေအတွင်း ပါတီအသီးသီးက မဲဆွယ်စည်းရုံးရေးတွေကို နည်းအမျိုးမျိုးနဲ့ ပြုလုပ်နေပေမယ့်၊ အင်အားကြီး USDP နဲ့ NLD ပါတီကို ထောက်ခံသူတွေသာ လူထောင်နဲ့ချီပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အင်အားပြ လှည့်လည်တာကို အများဆုံး တွေ့ရပါတယ်။

နေပြည်တော်မှာ နေထိုင်တဲ့ ပထမဆုံးအကြိမ်မဲပေးမယ့် ကိုကျော်မင်းကိုကတော့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အများကောင်းကျိုး ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးမယ်လို့ ပြောပါတယ်။

"ဆုံးဖြတ်ပြီးပါပြီဗျ၊ ပေးမယ့်ပါတီကတော့ ကိုယ့်ဟာကို ဆုံးဖြတ်ထားတာတော့ ရှိတာပေါ့နော၊ ပေးတဲ့ အချိန်ကျမှ ကိ်ုယ်ဆုံးဖြတ်တဲ့ ပါတီကိုပေးဖို့ရှိတယ်။ ကိုယ့်ပြည်သူလူထုအတွက် ကိုယ့်နိုင်ငံအတွက် ကောင်းအောင်ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ဆောင်ပေးနိုင်တဲ့ သူမျိုးကိုပဲ ရွေးပြီးတော့ ပေးမှာပေါ့"

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ်၊ နိုင်ငံရေးလေ့လာသူလည်းဖြစ်တဲ့ ဦးရဲထွန်း ( သီပေါ ) ကတော့ နေပြည်တော်မှာလည်း အင်အားကြီး ပါတီနှစ်ခုဖြစ်တဲ့ USDP နဲ့ NLD သာ အဓိက ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ တပ်မဲရုံတွေကို အပြင်ထုတ်လိုက်တာက မဲရလာဒ်အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

NLD ပါတီခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ၊ မဲဆန္ဒရှင်တွေ စနစ်တကျနဲ့ ရောဂါပိုးကူးစက်ခံရမှုမရှိဘဲ မဲပေးနိုင်ရေးအတွက် ကြိုတင်လေ့ကျင့်တဲ့ သရုပ်ပြမဲပေးပွဲကို မနေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်က အခြေခံပညာမူလတန်းကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)