မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်အသစ်တက်လာပြီးမကြာခင်မှာပဲ မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန် ၅ ရက် အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက အရပ်ဖက်နေရာတွေကို စစ်တပ်က လေကြောင်းကတိုက်ခိုက်တာနဲ့ မီးရှို့တာ အနည်းဆုံး ၁၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး လူ ၂၇ ယောက်သေဆုံးရတာကို RFA ကလေ့လာတွေ့ရှိရပါတယ်။
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့မှာ ၆ ကြိမ်၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာ ၅ ကြိမ်၊ ဧပြီလ ၁၅ အကြတ်နေ့မှာ ၃ ကြိမ်၊ ဧပြီလ ၁၆ ရက် အတက်နေ့မှာ ၂ ကြိမ်၊ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ၁ ကြိမ်ဖြစ်ခဲ့တာပါ။
မိထ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတွေဟာ စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ရွာတွေကို သင်္ကြန်အတက်နေ့မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ဝန်လဲရွာက ဒေသခံ ၄ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရရဲ့ ပေါက်မြို့နယ် လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ရှိသူက RFA ကို ပြောပါတယ်။
" ဝန်လဲရွာပေါ့နော်။ ကာကွယ်ရေးရဲဘော်တို့ ဘာတို့တော့ မရှိဘူးပေါ့နော်။ အဓိကအများစုကကျတော့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ရှောင်တွေပေါ့ဗျာ။ အဲဒီရွာလေးက ယောချောင်းရဲ့အရှေ့ဘက်မှာရှိတယ်၊ ယောချောင်းအနောက်ဘက်က စစ်ရှောင်တွေရှောင်ရပြီဆိုရင် အများစုကအဲဒီရွာမှာနေကြတယ်။ အဲဒီနားကဘုန်းကြီးကျောင်းတို့ အဲဒီနားပတ်ဝန်းကျင်တွေမှာနေကြတော့ အဲဒါပဲရှိတာပေါ့ဗျာ။ အဲဒါကို လာပစ်သွားတာပေါ့ဗျာ"
သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ဖြစ်ရပ်တွေက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲလို့ ဒုလ္လဘဝတ်နေတဲ့ ကိုရင် ၂ ပါး ပျံလွန်တော်မူပြီး ၈ ပါး ဒဏ်ရာရခဲ့ပါတယ်။ သူတို့ဟာ အသက် ၂၀ နဲ့ ၅၀ ကြားအရွယ်တွေလို့သိရပါတယ်။ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာနားကို ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ယောက်သေဆုံးပြီး၂ ယောက်ဒဏ်ရာရခဲ့သလို ညနေပိုင်းမှာပဲ အဲဒီရွာနားကိုထပ်လာပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ပဲခူးတိုင်းမှာတော့ နတ်တလင်းမြို့နယ် မကျီးပင်ရွာကို အကြိုနေ့ညနေပိုင်းမှာ စစ်တပ်ကမီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တနင်္သာရီတိုင်းမှာလည်း ထားဝယ်မြို့အဝင်နားမှာ ဒရုန်းဗုံးပေါက်ကွဲတာနဲ့ ထားဝယ်မြို့ဗဟိုမဏ္ဍပ်နား ဗုံးပေါက်ကွဲတာတွေရှိခဲ့ပါတယ်။
သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှာတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် (အနောက်ခြမ်း) ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အရာတော်မြို့နယ် (တောင်ခြမ်း) ကို ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက်ဒဏ်ရာရခဲ့ပါတယ်။ တစ်နေ့တည်းမှာပဲ ဆားလင်းကြီးမြို့နယ်၊ ရင်ပေါင်တိုင်ရွာကို စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား တစ်ယောက်သေဆုံးခဲ့ပါတယ်။ ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ်မှာလည်း အဲဒီနေ့ညနေပိုင်းက KPDF တပ်ဖွဲ့ဝင်တစ်ယောက်နဲ့ ဗလခရွာမှာနေတဲ့ အသက် ၂၀ ကျော်လူငယ် ၃ ယောက်အလောင်းကို မရှီကထောင်ရပ်ကွက်မှာ စစ်တပ်ကကားတစ်စီးနဲ့ လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်းမှာတော့ ပေါက်မြို့နဲ့ တစ်မိုင်ကျော်လောက်ဝေးတဲ့ မြောက်ဘက်ရွာက တောရဘုန်းကြီးကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၅၀ ကျော် အရွယ် အမျိုးသား နှစ်ယောက်သေဆုံးခဲ့ပါတယ်။
သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်မှာတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောရွာကို လက်နက်ကြီးနဲ့ပစ် လို့ ရဟန်း ၁ ပါး၊ ပြည်သူ ၁ ယောက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ အရာတော်မြို့နယ်နဲ့ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတို့ကို လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်မှာတော့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၂ ယောက် သေပြီး၊ ၅ ယောက်ဒဏ်ရာရခဲ့သလို အဆောက်အအုံ ၇ လုံးပျက်စီးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာ (တောင်) ရွာကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅ နှစ်အောက် ကလေးနှစ်ယောက်အပါအဝင် သေဆုံးသူ ၁၅ ဦးအထိရှိခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၁၉ ရက်နေ့မှာ RFA ကိုပြောပါတယ်။
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာတော့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ဝါကေဒဲရွာနဲ့ လယ်ဆူခိုရွာနားကို လေကြောင်းကနေတိုက်ခိုက်လို့ ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ သင်္ကြန်အကြိုနေ့မတိုင်ခင်ကတည်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် အစပ်မှာရှိတဲ့ ရွာတွေကိုထိုးစစ်ဆင်ခဲ့သလို လေကြောင်းကနေလည်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
“ပုလဲမြို့နယ် မြောက်ဘက်က သရက်ကန်ရွာကိုတော့ အိမ်ခြေ ၃၀ ကျော် မီးရှို့သွားတယ်၊ ဧပြီလ ဒုတိယပတ်က ယင်းမာပင်မြို့ရဲ့ မြောက်ဘက် လည်ငေါက်ရွာကတော့ တစ်ရွာလုံးနီးပါး ပြာကျသွားတယ်၊ ပုလဲမြောက်ဘက် သရက်ကန် ရွာကနေ ထွက်သွားတဲ့ စစ်ကြောင်းက အခုဆိုလို့ရှိရင် ယင်းမာပင်မြို့နဲ့ ရင်ပေါင်တိုင်ရွာကိုရောက် ပြီ။ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာကိုမီးရှို့သွားတဲ့ စစ်ကြောင်းကတော့ အခုဆိုရင် ယင်းမာပင်မြို့ရဲ့ အနောက် ဘက် ဇီးတောကြီးရွာမှာရောက်နေတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ဒီဖြစ်ရပ်တွေကိုကြည့်ရင် စစ်တပ်ရဲ့မူလသရုပ်ကိုသိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကိုပြောပါတယ်။
“ဒီအခါကြီးရက်ကြီးတွေလဲ သူတို့ မရှောင်ဘူး။ ဒါက စစ်ကောင်စီရဲ့ တကယ့် ဖက်ဆစ်စရိုက်အမှန်။ သူတို့ အကျိုးစီးပွားအတွက် ပြည်သူလူထုရဲ့ ဒီ အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ ဗုံးကြဲသတ်ဖြတ်ဖို့ ဒါ ဝန်မလေး ဘူးဆိုတာကို ပြတာပါပဲ”
