ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်ချက်

နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးတာဟာ စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးအကျိုးမျှော်မှန်းချက်ကြောင့်သာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ သုံးသပ်

နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားသူတွေရဲ့ စာရင်းတွေအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံထားရသူ နှစ်ရာနီးပါးပါဝင်ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်ချက် (RFA Burmese)

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးတာဟာ သမ္မတရာထူးယူထားတဲ့ စစ်ခေါင်းဆောင်က အလုံးစုံပြုပြင်ပြောင်းလဲရေးကို ရည်ရွယ်တာမဟုတ်ဘဲ သူ့ရဲ့ နိုင်ငံရေးအကျိုးမျှော်မှန်းချက်ကြောင့်သာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

96 Soldiers-PDF (အညာဒေသတပ်ခွဲ) ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလွင်က “အခုပြန်လွှတ်ပေးလိုက်တဲ့အပေါ်မှာ သူတို့ရနိုင်မယ့်အကျိုးအမြတ်ပေါ့နော်၊ ဥပမာ အနိမ့်ဆုံးဆိုရင် အာဆီယံက သူတို့အပေါ်မှာ ရှုမြင်တာ ပြောင်းနိုင်တယ်ဆိုတဲ့ အကျိုးအမြတ်၊ တခြား နိုင်ငံတကာရဲ့ အကျိုးအမြတ်ကို ရဖို့ ကြိုးစားတာလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကိစ္စကို ပါဝင်ဆောင်ရွက်နေတဲ့သူတွေကတော့ ကိုယ်ပါဝင်ဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) လွတ်မြောက်လာဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါတယ် ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကို တော်လှန်ရမယ့်ကိစ္စတွေကတော့ ဆက်လုပ်နေရမှာပါ” လို့ ပြောပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းကလည်း အခုလိုနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရုံနဲ့ တော်လှန်ရေးခရီးမှာ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ သမ္မတကို အရင်လွှတ်တယ်ဆိုတော့ သူလည်း အယောင်ပြလောက်ပဲလို့ မြင်ပါတယ်။ အစမ်းသဘောမျိုးပေါ့။ အဓိကကတော့ အာဆီယံမှာ လူရာဝင်ဖို့အတွက် တောင်းဆိုထားတဲ့အချက်ငါးချက်ထဲမှာ အရေးကြီးတာက နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာက ပါတယ်လေနော်။ သူက အပြောင်းအလဲ လုပ်ပါတယ်ပေါ့ ပြောင်းလဲ ပြောင်းချင်တယ်။ ပြောင်းချင်တာဆိုတာက ဘာရယ်တော့မဟုတ်ဘူး။ သူ အသိအမှတ်ပြုခံချင်တာ။ ဒါပေမဲ့ လုပ်လည်း မလုပ်ရဲဘူး။ နိုင်ငံအရေးအကျဉ်းသားတွေ လွှတ်ရုံလောက်နဲ့တော့ ကျွန်တော်တို့ ရည်ရွယ်ချက်မရောက်ဘူး။ ဒါနဲ့တော့ ဘာမှအပြောင်းအလဲဖြစ်ဖို့ မမြင်ဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း လွတ်မြောက်လာတဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဝမ်းသာကြောင်းနဲ့ တော်လှန်ရေးရည်မှန်းချက်တွေပြီးမြောက်တဲ့အထိ ဆက်သွားရမယ်လို့ ပြောပါတယ်။

”အစကတည်းက ဘာအပြစ်မှမရှိတဲ့သူတွေကို မတရားဖမ်းဆီးထားခြင်းဖြစ်တယ်ဆိုတဲ့ အမှန်တရားကို ကျွန်တော်တို့ မေ့ပစ်လို့မရပါဘူး။ ဒီနေ့တော့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ အိမ်ပြန်ရောက်ကြတယ်လို့ သိရပါတယ်။ လွတ်မြောက်လာသူတွေအားလုံးအတွက်ရောသမ္မတကြီးအတွက်ရော မိသားစုတွေအတွက်ရော ပြည်သူတွေအတွက်ပါ ဝမ်းသာရပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က ဘယ်လို လှည့်ကွက်တွေ သုံးပါစေ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီဘက်တော်သားတွေ ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက် (၆) ရပ်ပြီးမြောက်တဲ့အထိ ဆက်သွားကြရမှာဖြစ်ပါတယ်”

စစ်ဘက်နဲ့လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုး က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရုံနဲ့ စစ်ခေါင်းဆောင်ဆီက အလုံးစုံပြုပြင်ပြောင်းလဲရေးကို မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။

“အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးတရားဝင်မှုကို ရယူချင်တာကြောင့် သူတို့(စစ်ကော်မရှင်) နိုင်ငံရေးဖြေလျှော့မှု လုပ်ပါတယ်ဆိုတာကို ပြချင်တယ် အသုံးချချင်တယ် ဒါကြောင့် သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ပေးတယ်လို့ မြင်ပါတယ်။ ဒီကနေမှ ပြည်တွင်းရော တော်လှန်ရေးအင်အားစုတွေဆီကရော နိုင်ငံတကာကရော တုံ့ပြန်မှုတွေ ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ပြီးတော့မှ သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်ပေါ့နော်၊ အများကြီးမျှော်လင့်လို့ မရဘူး သူ့ဆီမှာ ပြုပြင်ပြောင်းလဲလိုတဲ့စိတ်ခံမရှိဘူး”

နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့(FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က…စစ်ခေါင်းဆောင်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ပြီး သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“မလွှဲမရှောင်သာလို့သာ နိုင်ငံတကာကို‌ ပြချင်လို့သာ အထူးသဖြင့်တော့ အာဆီယံမှာ ထိပ်သီးဆွေးနွေးပွဲတွေမှာ သူတို့ကို နိုင်ငံရေးအရ ဖိတ်ကြားခံချင်တယ်။ လွှတ်တော့လွှတ်ပေးတယ် ဒါပေမဲ့ နိုင်ငံရေးစိတ်စေတနာမရှိဘူး။ တိုင်းပြည်ရဲ့ပဋိပက္ခတွေအတွက် အဖြေလည်းမဟုတ်ဘူး လက်တွေ့လည်းမကျဘူး။ လေးထောင်ကျော် လွှတ်ပေးတယ်လို့သာပြောတာ ပါလာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က မပြောပလောက်ဘူး” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ မယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေဆိုတာ အစောကတည်းက အကျဉ်းထောင်ထဲမှာ ရှိသင့်တဲ့သူတွေ မဟုတ်ဘူး။ စစ်တပ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းအားဖြင့် ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်လောက်တဲ့ သတ္တိနဲ့ အင်အားမရှိသေးတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသတင်းအစမှ မရှိဘဲ ထိန်းသိမ်းထားတယ်လို့ မြင်တယ်”

စစ်ခေါင်းဆောင်ဟောင်းရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်နဲ့ နှစ်အကန့်အသတ်မရှိကျခံနေရသူတွေကို ထောင်ဒဏ် နှစ်လေးဆယ်၊ နှစ်လေးဆယ်အထက်ကျနေသူတွေကိုတော့ နှစ်လေးဆယ်အတိ ပြောင်းလဲကျခံဖို့နဲ့ နှစ်လေးဆယ်အောက်သမားတွေကိုတော့ ပြစ်ဒဏ်တွေရဲ့ ခြောက်ပုံတစ်ပုံ လျှော့ချလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ နဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ပြောကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ ၂ဝ၂၁ ဖေဖော်ဝါရီ ကနေ အခုနှစ် ဧပြီ ၁ဝရက်နေ့အထိ စစ်အုပ်စုက ဖမ်းဆီးခဲ့သူ သုံးသောင်းကျော်ရှိပြီး အခုချိန်ထိ ထိန်းသိမ်းခံထားရဆဲ နိုင်ငံရေးအကျဉ်းသား တစ်သောင်းခွဲနီးပါးရှိပါတယ်။