စစ်မှုထမ်းပြီးသူ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်လုပ်ငန်းစီစဉ်ပေးမယ်လို့ တပ်ချုပ်သစ်ပြော

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ ကျော်လာချိန်မှာ အိမ်မပြန်နိုင်တော့တဲ့ စစ်သားအရေအတွက် ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်ထိ ရှိနိုင်။

စစ်မှုထမ်းသက်တမ်းပြည့်ပြီးသူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် စီစဉ်ပေးမယ်လို့ စစ်ခေါင်းဆောင်အသစ်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မေလ ၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

နေပြည်တော် ဇေယျာသီရိဗိမာန်ခန်းမမှာ မေ ၈ ရက်နေ့ ကပြုလုပ်တဲ့ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေ တွေ့ဆုံပွဲမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့ ဖြစ်ပြီး စစ်သားဟာ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် ဘေးအန္တရာယ်ဖြစ်မယ်လို့လည်း ဆိုပါသေးတယ်။

“တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်အခွင့်အလမ်းများအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးနေပြီး၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ဆက်လက်ထမ်း ဆောင်ချင်သူတွေကိုလည်း ကြိုဆိုတယ်”

မေ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာလည်း ပြည်သူ့စစ်မှုထမ်း အသိအမှတ်ပြုလက်မှတ်ရရှိထားသူတွေကို အစိုးရဝန်ထမ်း အဖြစ်ဖြစ်စေ၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဝန်ထမ်းအဖြစ်ဖြစ်စေ လုပ်ကိုင်နိုင်အောင် စီစဉ်ပေး မယ်လို့ ဖော်ပြထားသလို၊ ကိုယ့်ရပ်ရွာအတွင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။

သက်တမ်းပြည့် စစ်မှုထမ်းပြီးသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အခက်အခဲရှိပါက ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီနဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကတော့ စစ်တပ်ရဲ့လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ထားတာကို တပ်ချုပ်က ဖျက်ပြီး ပို့ခိုင်းမှပဲ ရနိုင်မှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“တပ်ချုပ်ပြောတဲ့စကားတွေက တပ်ထဲလူတွေလောက်ပဲ ယုံပြီး နားထောင်ကြမှာပါ၊ အပြင်က ပြည်သူတွေကတော့ ဘယ်စစ်သားစကားမှ မယုံပါဘူး။ မယုံကြလို့လည်း သူတို့တပ်ထဲမဝင်ဘဲ ပြည်ပကို နည်းမျိုးစုံနဲ့ ရတဲ့နည်းနဲ့ ထွက်နေကြတာလေ၊ အခု တပ်ချုပ်ကြီးက ဘာတဲ့ ပြည်တွင်းအပြင် ပြည်ပကအလုပ်တွေပါရအောင် လုပ်ပေးမယ်ဆိုတော့ သူတို့လက်အောက်က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ဖျက်ပြီးမှ လုပ်ပေးမှာလား၊ ပြည်ပပို့ပေးဖို့ မလုပ်ခင် ပြည်ပထွက်ပြီး အလုပ် လုပ်လို့ ကောင်းမယ့် အသက်အရွယ်တွေကို ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေကို အရင်ပြင်ပေးပါဦးလို့၊ ယုံတဲ့သူတော့ ခံရမှာပဲ။ ”

စစ်တပ်ဟာ တပ်သားတွေ စစ်မြေပြင်မှာ ကျဆုံးမှုများလာတဲ့နောက် ၂၀၂၄ ခုနှစ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီး စစ်မှုထမ်းတွေ တစ်ဆင့်ပြီး တစ်ဆင့် ဆင့်ခေါ်လာခဲ့တာ ၂၀၂၆ ခုနှစ် ဧပြီလက စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) အထိ အတင်းအဓမ္မ ခေါ်ယူစုဆောင်းထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိကျတဲ့ စစ်မှုထမ်းဦးရေကို စစ်တပ်ဘက်မှ ထုတ်ပြန်ထားတာမျိုးမရှိတဲ့အတွက် စစ်မှုထမ်း သင်တန်းတစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ စုဆောင်းမယ်လို့ စစ်တပ်က ထုတ်ပြောထားပါတယ်။ ဒါကြောင့် ၂ နှစ်ဝန်းကျင်မှာ စစ်မှုထမ်း သင်တန်း အမှတ်စဉ် ၂၄ အထိ ခေါ်ယူပြီးဖြစ်တာကြောင့် တပ်သားသစ် ၁ သိန်းကျော် စုဆောင်းထားပြီး ဖြစ်ပါတယ်။ အတင်းအကြပ် စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေဟာလည်း အခွင့်အရေးရရင် ရသလို ထွက်ပြေး လွတ်မြောက်သွားတာတွေ ရှိနေပါတယ်။

လက်ရှိ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ ကျော်လာချိန်မှာ အိမ်မပြန်နိုင်တော့တဲ့ စစ်သားအရေအတွက် ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်ထိ ရှိနိုင်တယ်လို့လည်း စစ်ဘက်နဲ့ လုံခြုံရေးရာ သုတေသနအဖွဲ့ (MDSI) က ပြီးခဲ့တဲ့ ဧပြီ ၂၇ နေ့ သူ့တို့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။