တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) ဖွင့်လှစ်

RFA Burmese
2024.12.24
တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) ဖွင့်လှစ် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။
Myanmar Military

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီက စစ်သင်တန်းကျောင်းအသီးသီးမှာ ပြည်သူ့စစ်မှုသင်တန်း အမှတ်စဉ် (၈) ကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်မှုထမ်း အမှတ်စဉ် (၁) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒီနှစ်ကုန်မှာ အမှတ်စဉ် (၈) အထိ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အမှတ်စဉ် (၈) အတွက် စစ်သင်တန်းတက်ရောက်သူ အရေအတွက်ကို စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သင်တန်း အပတ်စဉ်တိုင်းမှာ သင်တန်းသား ငါးထောင် ခေါ်မယ်လို့ ပြောထားပါတယ်။

စစ်မှုထမ်း သင်တန်းတွေမှာ အဓမ္မ လူသစ်စုဆောင်းခံရသူတွေ၊ ငွေကြေးနဲ့ ငှားရမ်းသူတွေပါဝင်ပြီး ရပ်ကွက်နဲ့ ရွာတွေမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ အုပ်ချုပ်ရေးမှူးတွေကို လစဉ်ကြေးပေးနေရတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) စတင်ခင်မှာတော့ မန္တလေးမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နှစ်ပတ်အတွင်း လူငယ် ၁၂၅ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဒီအပြင် မြင်းခြံ၊ ရေဦး၊ မုံရွာ၊ ကလေး၊ သုံးဆယ်၊ ရွှေတောင်၊ ပန်းတောင်း၊ ကြို့ပင်ကောက် စတဲ့မြို့နယ်တွေမှာ လည်း စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းတာတွေရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က နိုင်ငံတစ်ဝန်း စစ်သင်တန်း ၂၃ ကျောင်းမှာ စစ်မှုထမ်းအမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းပို့တာတွေ ရှိနေပြီး ကယား (ကရင်နီ) ပြည်နယ်ရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း ဆင်းထားတဲ့ တပ်သားသစ်လေးဦး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ကောင်စီ တပ်သား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်း ဆယ်ဦး ပါဝင်တယ်လို့ ချင်းဒေသကာကွယ်ရေး (CDF) ဟားခါးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။