ချောင်းဦးမှာ စစ်ကြောင်းဝင်ချိန် နေအိမ် နှစ်ရာကျော်မီးရှို့ခံရ၊ အရပ်သား သုံးဦးသေဆုံး

နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ကား ခြောက်စီးနဲ့ ချောင်းဦးမြို့ပေါ် သယ်ယူသွားပြီးမှ မီးရှို့ဖျက်ဆီးခဲ့တာဟုဆို။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုးချိန်မှာ နေအိမ် နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်မှုတွေကြောင့် အရပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။

မီးမရှို့ခင်မှာ နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ကား ခြောက်စီးနဲ့ ချောင်းဦးမြို့ပေါ်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းသယ်ယူသွားပြီးမှ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မီးမရှို့ခင် သူတို့လိုချင်တဲ့ပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ သယ်ကြတာပေါ့ဗျာ။ အဲဒါပြီးမှ အိမ်တွေကိုရှို့တာ။ ဆင်မြေက ရွာရဲ့ သုံးပုံ နှစ်ပုံလောက်ပါသွားတယ်။ ငါးလုံးတင်က ၁၀ လုံးလောက် ရှို့ခံရတယ်။ ငါးယှန်ရွာကလည်း လမ်းဘေးက စျေးဆိုင်တဲလေးတွေ ငါးလုံးလောက် အရှို့ခံရသေးတယ်”

အင်အား နှစ်ရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦး-ရေစကြို ကားလမ်းတလျှောက်က ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာ စတဲ့ ရွာ သုံးရွာကို ဇွန်လ ၉ ရက်နေ့ကစပြီး သုံးရက်ဆက်တိုက် ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲက ရွာတွေကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွာတွေထဲ စစ်ကြောင်းထိုးချိန်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်မှုတွေကြောင့် ရွှေတော်လေး၊ ထူးနီနဲ့ ဆင်မြေ ရွာတွေက ဒေသခံအမျိုးသား ၃ ဦးသေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဘက်ကတော့ ချောင်းဦးမြို့နယ် ချောင်းဦး-ရေစကြိုကားလမ်းတစ်လျှောက်က PDF စခန်းတွေကို ရှင်းလင်းတာနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇွန်လ ၁၂ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်တွေ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။