မြန်မာ့အရေးချဥ်းကပ်မှုအပေါ် ဝေဖန်မှု အပြုသဘောမပါ၊ လှည့်စားရာကျဟု ဖိလစ်ပိုင်တုံ့ပြန်

စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တာဟာ အကြောက်လွန်အဆင်အခြင်နည်းတဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဆု‌ပေးရာရောက်ဟု SAC-M ဝေဖန်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဇာ လာဇရို (Theresa Lazaro) က မြန်မာနိုင်ငံအရေးဖြေရှင်းနိုင်ဖို့ မကြာခင်က ချဥ်းကပ် ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းများနဲ့ အာဆီယံ လွှတ်တော်အမတ်များပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇူလိုင်လ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုတာဟာ စေတနာမမှန်တဲ့အပြင် အများအမြင်မှာ လှည့်စားပြောဆိုရာပင်ရောက်ပါတဲ့ အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် SAC-M က ဒီလုပ်ရပ်ဟာ အကြောက်လွန်ပြီး အဆင်အခြင်နည်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ကိုယ့်နိုင်ငံပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ စစ်တပ်ခန့် အစိုးရကို ဆုလာဘ်ပေး ဂုဏ်ပြုရာရောက်နေတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ဝေဖန်ထားပါတယ်။

ဒီဝေဖန်ချက်အပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်ပြီး ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ အာဆီယံ အဖွဲ့က ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ပါသင့်ပါထိုက်တဲ့သူတွေအကြား အပြုသဘောတွေ့ဆုံဆွေးနွေးရေး ဖြစ်လာစေဖို့ ကြိုးပမ်းမှုသာဖြစ်ကြောင်း၊ အာဆီယံရဲ့ မူလရပ်တည်ချက်ကို လက်‌လျှော့ အရှုံးပေးတာမဟုတ် ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဘန်ကောက်မြို့ တွေ့ဆုံပွဲဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို ရှေ့ဆက် ဘယ်လို တိုးတက်ဆောင်ရွက် အကောင်ထည်ဖော်နိုင်မလဲဆိုတဲ့အချက်ကို ရှာဖွေတွေံ့ရှိဖို့ ဆောင်ရွက်ချက်ဖြစ်ပြီး စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးရာမှာလည်း လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ရှေ့ဆက်နိုင်ရေးကိုသာ ဆွေးနွေးခဲ့တာလို့ ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ပယ်လိုက်တာမဟုတ်သလို၊ စွန့်ပယ်လိုက်တယ်လို့ လည်း လှည့်စားမပြောဆိုသင့်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ရော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်နဲ့ပါ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အခြေခံကျတဲ့ မူဝါဒဖြစ်တယ်လို့ ခံယူထားကြောင်း၊ အထူးကိုယ်စားလှယ်အနေနဲ့လည်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးနေမှာပဲ ဖြစ်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြား‌ရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည် ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

SAC-M ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်ချက်ကို မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိပြည်သူ့လွှတ်တော်အမတ် ဆိုက်ဖူဒင် အဗ္ဗဒူလာ (Saifuddin Abdullah) ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမြာ (Kasit Piromya) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့၏ တည်ထောင်သူများဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်း မာဇူကီ ဒါရုစမန် (Marzuki Darusman)၊ယန်ဟီးလီ (Yanghee Lee) နဲ့ ခရစ်ဆီဒိုတီ (Chris Sidoti) တို့က ပူးတွဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။