ဂျပန်မြန်မာဆက်ဆံရေးအတွက် အကြမ်းဖက်မှုရပ်တန့်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့လို

အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ဖမ်းထားသူတွေကို လွှတ်ပေးပြီး ရိုးသားတဲ့ ဆွေးနွေးပွဲဖြစ်လာဖို့လိုဟုဆို။

မြန်မာနဲ့ဂျပန် သံတမန်ဆက်ဆံရေး ပိုကောင်းလာဖို့ဆိုရင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက် တာတွေ ချက်ချင်းရပ်တန့်ဖို့၊ ‌ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထောင်ချထားတဲ့သူတွေကို ပြန်လွတ်ပေးပြီး ပါသင့်ပါထိုက်သူ အားလုံး ပါဝင်တဲ့ ရိုးသားပွင့်လင်းတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်လာဖို့ လိုတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုအေဂီ (Motegi Toshimitsu) က ဇူလိုင် ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

စစ်တပ်ခန့်အစိုးရနဲ့ စစ်အာဏာပိုင်တွေ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးပမ်းရာမှာ မြန်မာနိုင်ငံအပေါ် ဂျပန်အစိုးရက ထားရှိတဲ့ သဘောထားကို ဇူလိုင်လ ၂၈ ရက်နေ့က ရှင်းလင်းရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ပြီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံက အုပ်ချုပ်ရေးဘက်က အရာရှိတစ်ဦး တက်ရောက်ခဲ့ပါတယ်။ ဂျပန်မြန်မာဆက်ဆံ‌ရေး ပြန်ကောင်းဖို့ဆိုရင် မြန်မာနိုင်ငံက အခြေအနေတွေ ဒီထက်ပိုတိုးတက်ကောင်းမွန်လာဖို့လိုပါတယ်။ ဒီအထဲမှာ အကြမ်းဖက် တိုက်ခိုက်တာတွေကို ချက်ချင်းရပ်တန့်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးပြီး ဘက်အားလုံးပါဝင်တဲ့ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာဖို့၊ ဒီအချက်တွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ ဂျပန်နိုင်ငံက ယုံကြည်ထားပါတယ်။ ဒီအမြင်ကို အခြေခံပြီး မြန်မာနိုင်ငံ အခြေအနေ တိုးတက်ကောင်းမွန်လာရေးအတွက် စစ်အာဏာပိုင်တွေအပါအဝင် ပါသင့်ပါထိုက်သူအားလုံးနဲ့ ဂျပန်နိုင်ငံက ထိတွေ့ဆက်ဆံသွားမှာဖြစ်ပါတယ်။”

မစ္စတာမိုအေဂိဟာ ဇူလိုင်လ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အဆင့်မြင့် အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပြီး မြန်မာ့အရေးနဲ့ ပက်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီလတုန်းကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် သံသရှိပြီး စစ်တပ်ကပဲ ဆက်အုပ်ချုပ်နေရင် စိတ်ဝမ်းကွဲတာပိုကြီလာနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအပေါ် သံတမန်ရေးရာအရ အဆက်အဆံ မပျက်ပေမဲ့ စစ်ကောင်စီနဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းအားလုံး ရပ်နားထားခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ကိုပဲ ပေးအပ်လာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) က အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး၊ ဒီလိုဖော်ဆောင်တာကို တိိုးတက်မှုရှိမရှိ စံထားသတ်မှတ်ပြီး စောင့်ကြည်ရေးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။