ဖမ်းထားတဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ သေဆုံးကြောင်း AA ထုတ်ပြန်


2019-12-25
Share
nld-ye-thein-622.jpg ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း
Photo from U Ye Thein's Facebook Page

ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူတချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။

ဒီနေ့မှာ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မြေပုံနဲ့ ချင်းပြည်နယ်စပ် ပလက်ဝ မြို့နယ်တွေမှာပါ တိုက်ပွဲပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ နံနက် ၉ နာရီကနေ စတင် တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စကခ (၁၅) တပ်မဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ အုတ်တောင်ရွာ အရှေ့ဖက် ၃ မိုင်အကွာမှာရှိတဲ့ AA ထိန်းချုပ်ရာ ပွိုင့်-၄၂၈ တောင်ကုန်းပေါ်ကို ပစ်ခတ်ရာကနေ သေဆုံးတာဖြစ်ကြောင်း ရေးသားထားပါတယ်။

တပ်မတော်က အဲဒီကုန်းကို ဒီဇင်ဘာလ ၂၂ ရက်ကတည်းက ထိုးစစ်ဆင်နေတာလို့လည်း AA က ဆိုပါတယ်။ မြေပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီနေ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ် နှုန်းဘူးကျေးရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးအရာရှိတချို့ကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားကြောင်း ဖော်ပြပါတယ်။ တိုက်ပွဲအကျအဆုံး သတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထိန်းသိမ်းထားသူတချို့နဲ့ AA တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရကြောင်း၊ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းက ပွဲချင်းပြီး သေဆုံးသွားကြောင်း ဖော်ပြထားပါတယ်။ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံတကာတရားရုံး ICJ အမှု သွားရောက်ရင်ဆိုင်တာကို ဘူးသီးတောင်မြို့မှာ ထောက်ခံပွဲလုပ်ဖို့ နယ်ကိုဆင်းရာမှာ AA ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဦးရဲသိန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက AA က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ AA က တပ်မတော်သားတွေရဲ့ ကျဆုံးဓာတ်ပုံတွေကို ထုတ်ပြန်လေ့ရှိပေမယ့် NLD ဘူးသီးတောင် ဥက္ကဋ္ဌ ဦးရဲသိန်းရဲ့ ရုပ်အလောင်းပုံကိုတော့ ထုတ်ပြန်တာမတွေ့ရပါဘူး။

သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက်၊ စုစုပေါင်း ၁၇ ယောက်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ပါဝင်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ကနေ တောင်ပဇာ နယ်ခြားစောင့်စခန်းကိုသွားတဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိသုံးဦးကို AA က ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့