ဖမ်းဆီးထားတဲ့ ရခိုင်လူငယ်ခြောက်ဦးကိစ္စ သတင်းထုတ်ပြန်ဖို့ မိသားစုတွေတောင်းဆို


2019.07.19
aa-singapore-arrest-622.jpg စင်္ကာပူကပြန်ပို့တဲ့ ရခိုင်အသင်းဝင်များကို ရန်ကုန်လေဆိပ်တွင် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်လာစဉ်။
Photo: Tomorrow News Journal

AA ရက္ခိုင့်တပ်တော်ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်လူငယ် ခြောက်ဦးကို မြန်မာအစိုးရက ဖမ်းဆီးထားပေမယ့် တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိတဲ့အတွက် မိသားစုဘက်က အဆက်အသွယ်မရဖြစ်နေတာကြောင့် အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့ မိသားစုဝင်တွေနဲ့ ရခိုင်အမျိုးသားပါတီက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့လောက်ကစပြီး စင်္ကာပူအစိုးရက စင်္ကာပူရောက် ရခိုင်လူငယ် ခြောက်ဦးကို ဖမ်းဆီးပြီးနောက် ပြည်နှင်ဒဏ် ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီရခိုင်တိုင်းရင်းသား ခြောက်ဦးဟာ မြန်မာအစိုးရက သောင်းကျန်းသူလို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးလိုက်တာလို့ စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက အဲဒီအချိန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သူတို့ ခြောက်ဦးဟာ မြန်မာပြည်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။

ဖမ်းဆီးခံလိုက်ရတာ တပတ်ကျော်နေပြီဖြစ်ပေမယ့် မိသားစုဝင်တွေကို မြန်မာပြည်ထဲရေး ဝန်ကြီးဌာနဘက်က အကြောင်းကြားတာ သတင်းထုတ်ပြန်တာတွေမရှိတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး သတင်းထုတ်ပြန်စေချင်တယ်လို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မမေကြီးရဲ့ညီမဖြစ်သူ မနန်းမြတ်စံက RFA ကို ပြောပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဖမ်းဆီးခံထားရသူတွေ မိသားစုတွေနဲ့တွေ့ဆုံခွင့်ရရေးနဲ့ ဖမ်းဆီးထား တဲ့နေရာ သိရှိရေးအတွက် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီထံကိုလည်း အကူအညီတောင်းထားပါတယ်။

ဖမ်းဆီးခံ ရခိုင်လူငယ်တွေ မိသားစုနဲ့တွေဆုံခွင့်ရရှိရေး တောင်းခံထားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဝင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိသေးကြောင်းနဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ မရှိကြောင်း ပြောပါတယ်။

ရခိုင်အသင်း(စင်္ကာပူ)ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ကို ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်လေဆိပ်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုရဲထက်ကျော်ကိုတော့ စမ်းချောင်းမှာရှိတဲ့ သူ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုတင်လှိုင်ဦးနဲ့ မအေးမြတ်မွန်တို့နှစ်ယောက်ကတော့ ရန်ကုန်ကိုပြန်ရောက်ပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာ နေပြည်တော်အမြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ခြောက်ဦးနဲ့ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရအနေနဲ့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်စရာမရှိသေးကြောင်း အဲဒီအချိန်က ဖြေကြားထားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး ကလည်း သူအနေနဲ့ လိုအပ်ရင် သတင်းထုတ်ပြန်ပေးသွားမယ်လို့သာ RFA ကို အဲဒီအချိန်က ဖြေကြားထားပါတယ်။

ဒီနေ့ ရဲမှူးကြီး မျိုးသူစိုး RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ထပ်မံဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထဲက ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးကို ဆက်သွယ်မေးမြန်းရာ သူ့အနေနဲ့ ဒီလူ ခြောက်ဦး ဖမ်းဆီးခံထားရတာကို မသိရှိကြောင်းသာ ဖြေကြားပါတယ်။

ဖမ်းဆီးခံ ရခိုင် ခြောက်ဦးနဲ့ပတ်သက်ပြီး ကောလာဟလတွေ၊ သတင်းမှားတွေပြန့်နှံ့နေတာကြောင့် အစိုးရအနေနဲ့ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးဖို့ ရခိုင်အမျိုးသားပါတီက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အဲဒီဖမ်းဆီးခံ ရခိုင်လူငယ် ခြောက်ဦးထဲက နှစ်ဦးဟာ စစ်ကြောရေးအတွင်း သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စုံစမ်းလို့လည်း မရသေးပါဘူး။

ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း သံသယနဲ့ဖမ်းဆီးခံရတဲ့သူတချို့ဟာ စစ်ဆေးရေးကာလမှာပဲ သေဆုံးသွား တာတွေများတာ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ တရားစွဲဆိုမခံရသေးတာ၊ တရားစွဲဆိုပေမယ့် တရားရုံးမှာ စတင် စစ်ဆေးတဲ့အဆင့် မရောက်သေးတာတွေကြောင့် ရဲစခန်းတွေမှာ အချိန်ကြာရှည်စွာ ဖမ်းဆီးခံရတာတွေရှိနေတဲ့ အတွက် ဖမ်းဆီးခံ စင်္ကာပူရခိုင်အသင်းက လူငယ် ခြောက်ဦးကိုလည်း ဒီလိုအခြေအနေဆိုးတွေ မဖြစ်စေလို တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့မြန်မာနိုင်ငံ ဆိုင်ရာ ပဏာမအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စင်္ကာပူနိုင်ငံကနေ နင်ထုတ်ခံရတဲ့ AA တပ်ဖွဲ့ကို ပံ့ပိုးသူ ခြောက်ဦးဟာ မြန်မာနိုင်ငံမှာ အဖမ်းခံရပြီး ဘယ်ရောက်နေ မှန်း မသိရတဲ့အကြောင်း၊ ဒီအတွက် နိုင်ငံက နှင်ထုတ်သူတွေကို သူနေရင်း တိုင်းပြည်ကို ပြန်ခိုင်းတာမှာ အန္တရာယ် ရှိမယ်ဆိုရင် ပြန်မပို့ဖို့၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့လည်း စင်္ကာပူနိုင်ငံကို တောင်းဆိုထားပါတယ်။

စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရသူ ခြောက်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလက စင်္ကာပူမှာ ရခိုင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ AA ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့တဲ့ Community Club ခန်းမကို ငှားရမ်းခဲ့ပြီး ကျန်းမာရေးဆွေးနွေးပွဲ ကျင်းပဖို့ဆိုပြီး ဒီခန်းမကို မမှန်မကန်အကြောင်းပြ ငှားရမ်းခဲ့တာဖြစ်တယ်လို့ စင်္ကာပူအစိုးရရဲ့ ပြည်သူ့အစည်းအရုံး People's Association က သတင်းထုတ်ပြန်လိုက်တဲ့အကြောင်း စင်္ကာပူအခြေစိုက် Straits Times သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဧပြီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ စစ်ယူနီဖောင်းဝတ်ပြီး အရုပ်လက်နက်တွေ ကိုင်ဆောင်ထားသူတွေရဲ့ စင်တင်သရုပ်ဖော်ပွဲ ပါဝင်ခဲ့သလို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဗီဒီယိုမိန့်ခွန်းကိုလည်း ပြသခဲ့ပါတယ်။

စင်္ကာပူမှာ နိုင်ငံရေး ဦးတည်ချက်ပါတဲ့ အခမ်းအနားတွေကျင်းပမယ်ဆိုရင် Public Order Act လို့ခေါ်တဲ့ ငြိမ်ဝပ်ပိပြားရေးဥပဒေအရ ရဲတပ်ဖွဲ့ဆီက ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး တခြားတိုင်းပြည်တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးလှုံ့ဆော်မှုတွေအတွက် စင်္ကာပူနိုင်ငံသား မဟုတ်သူတွေကို ခွင့်ပြုချက် မပေးဘူးလို့ ဆိုပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ စင်္ကာပူမှာ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသား ခြောက်ယောက်ကို စင်္ကာပူရဲက ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာလို့ ဖော်ပြထားပါတယ်။

စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ဒီမြန်မာနိုင်ငံသားတွေဟာ စင်္ကာပူမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကို မိခင်နိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ AA နဲ့ တွဲဖက်နိုင်ငံရေးအဖွဲ့အစည်း United League for Arakan ကို အားပေးထောက်ခံဖို့ စည်းရုံးခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။