ပြည်သူတွေအနေနဲ့ မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့ Alpha Operation အသိပေး
2023.12.17
ရန်ကုန်မြို့နဲ့ အခြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ တစ်ပြိုင်နက်ဆောင်ရွက်မှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မိမိနဲ့မသက်ဆိုင်တဲ့ ပစ္စည်းတွေကို ကောက်ယူထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့ Alpha Operation က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ် ဆယ်ခုကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက Bluetooth ဆောင်းဘောက်နဲ့ တွဲထားတဲ့ မိုင်းထောင်တိုက်ခိုက်မှုမှာ ပြည်သူလို့ ယူဆရသူ နှစ်ဦးက ဆောင်းဘောက်တစ်လုံးကို ကောက်ယူစမ်းသပ်မိရာကနေ ထိခိုက်ဒဏ်ရာရပြီးနောက် အခုလို အသိပေးချက် ထုတ်ပြန်တာပါ။
အခုလို ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာကို များစွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း Alpha Operation ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လွတ်မြောက်နယ်မြေမှာ အထူးလေ့ကျင့်ပြီး ရန်ကုန်တိုင်းကို ပြန်ဝင်လာတဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး Alpha Operation အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
Alpha Operation ရဲ့ စမ်းသပ်စစ်ဆင်ရေးအနေနဲ့ နည်းပညာသုံးမိုင်းတွေ တပ်ထားတဲ့ Bluetooth စပီကာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေအနီးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေမှာ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ချထားခဲ့တာပါ။
အဲဒီစပီကာတွေဟာ နည်းပညာအရ သတ်မှတ်ထားတဲ့အချိန်မှာ ပွင့်လာပြီး ပြည်သူတွေအနေနဲ့ မထိတွေ့ မကိုင်တွယ်ဖို့ ပြောဆိုချက်အပါအဝင်၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ပြောဆိုချက်တွေ အဆက်မပြတ် ထွက်လာမှာဖြစ်တဲ့အပြင် ဖယ်ရှားတာ၊ ပိတ်တာတွေနဲ့ ဖျက်ဆီးတာတွေ လုပ်မယ်ဆိုရင် မိုင်းအဖြစ်ပြောင်းပြီး ပေါက်ကွဲတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေအတွင်း တစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ ပြောသလို စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင် မိုင်းထောင်တိုက်ခိုက်သူတွေထဲက တချို့ကိုဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားကြပါတယ်။
Alpha Operation ရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ဆင်ရေးအတွင်း အထူးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာမရှိသလို ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူးလို့ ဆိုပါတယ်။