အမိုနီယမ်နိုက်ထရိတ်တွေ အများအပြား ဖမ်းမိထား
2017.02.03

ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ အခုနှစ်ဆန်းပိုင်းအထိ တစ်နှစ်ကျော်ကာလအတွင်း ဖောက် ခွဲရေးအတွက် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်တဲ့ တရားမဝင် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် တစ်သိန်း ခုနှစ်သောင်းကျော် တန်ချိန်အားဖြင့် ၁၈၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီ အမိုနီယမ်နိုက်ထရိတ်ကို သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အသုံးမပြုဘဲ တလွဲအသုံးပြုမယ်ဆိုရင် အန္တရာယ်ကြီးကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး က RFA နဲ့ ဒီကနေ့ တွေ့ဆုံ မေးမြန်းချိန်မှာ အခုလိုပြောပါတယ်။
"အလားတူပဲ ကျောက်မိုင်းလုပ်ငန်းမှာလည်း မသုံးဘူး၊ စိုက်ပျိုးရေးမှာလည်း မသုံးဘူးပဲနဲ့ မသက်ဆိုင်တဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းတွေဆီ ရောက်သွားရင်တော့ အလွဲသုံးစားမှု ဖောက်ခွဲ ဖျက်ဆီးတဲ့နေရာမှာ သုံးရင်တော့ အဖျက်အန္တရာယ် ကြီးမားတဲ့အတွက်ကြောင့်မို့လို့ ဒီဟာကအန္တရယ် ကြီးမားပါတယ်"
ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်း တရားမဝင် သယ်ဆောင်လာတဲ့ အမိုနီယမ် နိုက်ထရိတ် ကီလို တစ်သိန်းတစ်သောင်းကျော် ဖမ်းမိခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၁၇ ခုနှစ် တစ်လကျော်ကာလအတွင်းမှာ ကီလို ခြောက်သောင်းလောက် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်တဲ့ အဲဒီ အမိုနီယမ်နိုက်ထရိတ်တွေကို ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ ကျောက်တောင်ကမ်းပါးတွေကို ဖြိုခွဲတဲ့အခါ အများဆုံးအသုံးပြုကြတာပါ။
အဲဒီ အမိုနီယမ်နိုက်ထရိတ်တွေကို တရုတ်ပြည်ကနေ မူဆယ်နဲ့ နမ့်ခမ်းလမ်းကြောင်းတွေကနေ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့အတူ တင်သွင်း သယ်ယူလေ့ရှိတယ်လို့ ရဲမှူးကြီး ထွန်းဦး က ပြောပါတယ်။
ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးတွေမှာ ကျောက်မိုင်းခွဲတဲ့အခါ ကုန်ကြမ်းအဖြစ်အသုံးပြုဖို့ ပြည်ထောင်စု အစိုးရနဲ့ တပ်မတော်ရဲ့ခွင့်ပြုချက်နဲ့ အမိုနီယမ်နိုက်ထရိတ်တွေကို ကုမ္ပဏီတွေက ဖားကန့်လုပ်ကွက်တွေဘက် တန်ချိန်ပေါင်းများစွာ သယ်ယူနေကြတာဖြစ်ပါတယ်။
အဲဒီလိုခွင့်ပြုချက်နဲ့ သယ်ယူတာတွေရှိနေသလို တရားမဝင် သယ်ယူမှုတွေလည်းရှိနေတဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိမှုတွေရှိနေတာပါ။
ခွင့်ပြုချက်မရှိဘဲ အမိုနီယမ်နိုက်ထရိတ်ကို တရားမဝင်သယ်ယူလို့ ဖမ်းဆီးရမိသူတွေ အများစုကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားတယ်လို့ သတင်းရရှိပါတယ်။