တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပေးမှုတွေရှိနေ


2020.11.24

ရွေးကောက်ပွဲကာလကစလို့ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပြီး ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လောလောဆယ် တိုက်ပွဲတွေရှိမနေဘူးလို့ တပ်တော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ဒီနေ့ပြောပါတယ်။

တပ်ဘက်က တိုက်ခိုက်တာမရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း မတိုက်ခိုက်တာကြောင့် ပစ်ခတ်မှုတွေ ရပ်ဆိုင်းနေတာလို့ ဆိုပါတယ်။ ဒီအခြေအနေကနေ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ရိုက်ဆွေးနွေးတဲ့ အဆင့်အထိ မရောက်သေးဘူးဆိုပေမဲ့ ငြိမ်းချမ်းရေးအတွက် ကူညီနေတဲ့အဖွဲ့အစည်းတွေကတဆင့် ညှိနှိုင်းပေးနေတာတွေ ရှိကြောင်းနဲ့ ဒီအခြေအနေကတဆင့် အပြန်အလှန်စောင့်ထိန်းမှု အားကောင်းလာရင်  ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုအကျိုးဖြစ်ထွန်းလာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင့်တပ်တော် AA ကလည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ ရခိုင်ဒေသတွေမှာ ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ အပစ်အခတ်ရပ်စဲထားတဲ့အကြောင်း၊ တပ်မတော်နဲ့ AA အကြားမှာ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ တဖက်နဲ့တဖက် အပစ်အခတ်မဖြစ်အောင် ထိန်းသိမ်းထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက RFA ကို တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ တပ်မတော်ဘက်က မူဝါဒအားဖြင့်လက်ခံထားသလို  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အပြုသဘောလုပ်ဆောင်ချက်တွေကိုလည်း ကြိုဆိုကြောင်း၊  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း သတ်မှတ်ချက်ကို ပယ်ဖျက်ပေးအောင်၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးနိုင်အောင် လက်တွေ့လုပ်ဆောင်မှုတွေကို ပြသသင့်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ဒေသမှာ လောလောဆယ် တိုက်ပွဲတွေရပ်တန့်နေတဲ့အတွက် စစ်ပြေးဒုက္ခသည် ထောင်နဲ့ချီပြီး နေရပ်ကိုပြန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။