ယင်းမာပင်မြို့နယ်မှာ လက်နက်ကြီးကျပြီး အရပ်သားသုံးဦးသေဆုံး

RFA Burmese
2023.12.06
ယင်းမာပင်မြို့နယ်မှာ လက်နက်ကြီးကျပြီး အရပ်သားသုံးဦးသေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အဝင်ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သံပိုရွာထဲကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံပိုရွာနဲ့ နှစ်မိုင်အကွာ ချင်းတွင်းမြစ်ကူးတံတားအနီး ရွှေတောင်ဦးကုန်း (အောင်ဇေယျာကုန်း) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ဟာ သံပိုရွာထဲက နေအိမ်ပေါ်ကျခဲ့ပြီး ဒေသခံတွေဖြစ်တဲ့ အသက် (၄၀) ကျော်အရွယ် ဒေါ်စန်းမာနဲ့ ဒေါ်မာကြူ၊ အသက် (၂၃) နှစ်အရွယ် မတင်တင်ဝင်းတို့ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က တိုက်ပွဲဖြစ်တာမရှိဘူး။ ညနေ သုံးနာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်လိုက်တာ၊ သံပိုရွာထဲက ရွာအနောက်ပိုင်းက နေအိမ်ပေါ်ကျပြီး သုံးဦး သေတယ်။ ကလေးနှစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး။ သေဆုံးသူတွေကိုတော့ မနေ့ကပဲ သင်္ဂြိုဟ်လိုက်ပြီ"

သေဆုံးသူတွေဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်ပြီး အလုပ်လုပ်နေကြချိန် လက်နက်ကြီး ကျခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ သံပိုရွာထဲကို မကြာခဏ အခုလို ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ယင်းမာပင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လက်နက်ကြီး ပစ်ခတ်ခံရတဲ့ နေရာကို ရှင်းလင်းရေးလုပ်ချိန် ၁၂၀ မမ လက်နက်ကြီးအစိတ်အပိုင်းတွေ တွေ့ရတယ်လို့ ပြောပါတယ်။

အရပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်‌ကောင်စီဘက်ကတော့ သံပိုရွာလက်နက်ကြီးကျတာနဲ့ပတ်သက်လို့ သူတို့ပစ်ခတ်ခဲ့တာမဟုတ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက Drop Bomb၊ လက်နက်ကြီးတွေနဲ့ ရွာတွေထဲ မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ဒီဇင်ဘာ ၆ ရက် ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၄၂၃၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။