အာဆီယံ လေတပ်ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ်

RFA Burmese
2023.09.12
အာဆီယံ လေတပ်ညီလာခံအတွက် နေပြည်တော်မှာ လုံခြုံရေးတင်းကျပ် အာဆီယံလေတပ်ညီလာခံ ကျင်းပရန် စီစဉ်ထားသည့် နေပြည်တော်ရှိ MICC-1 အဆောက်အအုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက် စတင်ကျင်းပဖို့ရှိတဲ့ အာဆီယံလေတပ်ညီလာခံအတွက် မြို့အနှံ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။

အဲဒီညီလာခံကို နိုင်ငံတော်အဆင့် အခမ်းအနားတွေကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) အဆောက်အအုံမှာ ကျင်းပမှာဖြစ်ပြီး အဲဒီအနီးတစ်ဝိုက် အပါအဝင် နေပြည်တော်လေဆိပ်တစ်လျှောက်နဲ့ လမ်းဆုံ၊ လမ်းခွတိုင်းမှာ လုံခြုံရေး တင်းကျပ်ထားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေဆိပ်သွားတဲ့လမ်းတောက်လျှောက်ပဲ၊ လုံခြုံရေးတွေ အများကြီးချထားတယ်။ ဝေဟင်မှာလည်း ရဟတ်ယာဉ်တစ်စီး ကင်းလှည့်နေတာ တွေ့ရတယ်။ လူကြီး ယာဉ်တန်းတွေလည်း လာနေကြတယ်။ ဒီနေ့ အစည်းအဝေးရှိတော့ လုံခြုံရေးကို တော်တော် ဂရုစိုက်ထားပုံရတယ်"

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သတ္တမအကြိမ်မြောက် လေတပ်ဦးစီးချုပ်များညီလာခံကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပဖို့စီစဉ်ထားပြီး အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

၂၀၂၆ မှာ မြန်မာအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းယူမယ့် ဖိလစ်ပိုင်ကတော့ ဒီညီလာခံကို လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကား ပေးပို့မယ့် အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကရရှိတဲ့ နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံရေးပြေလည်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လူကိုယ်တိုင် တက်ရောက်မယ်လို့ ဆိုပါတယ်။

ကျန်အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံက လေတပ်ဦးစီးချုပ်တွေ ဒီညီလာခံကို လာတက်၊ မတက် အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ဒီညီလာခံနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီနေ့ မွန်းလွဲပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန်က ပိတ်ဆို့အရေးယူဒဏ်ခတ်ထားတဲ့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က အိမ်ရှင်အဖြစ် ဦးစီးကျင်းပမှာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဩဂုတ်လ ၃၁ ရက်ကစလို့ အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ပြီး ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သား ရာနဲ့ချီ သေဆုံးနေတာကြောင့် ဒီညီလာခံကို မတက်ရောက်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

နှစ်စဉ်ကျင်းပတဲ့ လေတပ်ညီလာခံအတွင်း ကာကွယ်ရေး၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး နဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။