သံရုံးတိုက်ခိုက်တဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ်တောင်းဆို
2024.10.21
[Update: 8:42 PM, Oct 21, 2024]
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ အောက်တိုဘာလ ၁၈ ရက် သောကြာနေ့ညနေ ၄ နာရီခွဲလောက်မှာ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။ ဒီဖြစ်ရပ်မှာ လူထိခိုက်တာ မရှိပေမဲ့ ခေါင်မိုးမှာ နှစ်ပေလောက် ပျက်စီးသွားတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်သလို တရုတ်နိုင်ငံခြားရေးဌာနကလည်း ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ကျူးလွန်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ လင်ကျန်းက အောက်တိုဘာ ၂၁ ရက် တနင်္လာနေ့ညနေ ပေကျင်းမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ၊ စီးပွားရေးသမားတွေ၊ အသင်းအဖွဲ့တွေအနေနဲ့ လုံခြုံရေးသတိထားဖို့ကိုလည်း သူက ထပ်လောင်းပြောဆိုလိုက်ပါတယ်။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဘာကြောင့်တိုက်ခိုက်တယ်၊ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ အခုအချိန်ထိ ဘယ်သူမှ တရားဝင်ကြေညာတာမရှိသေးပါဘူး။
စစ်ကောင်စီအနေနဲ့ တရုတ်ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အကြောင်းရင်းကို စိစစ်နေသလို၊ အကြမ်းဖက်သမားတွေကို ဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ လူမျိုးရေးပဋိပက္ခ ဖြစ်မှာကို အထူးစိုးရိမ်တယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမဲ့ သံတမန်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက်တဲ့အကြောင်းနဲ့ NUG အနေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို အမြဲဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ မတူကွဲပြားတဲ့သဘောထားတွေရှိခဲ့ရင်လည်း NUG အနေနဲ့ သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ထိခိုက်စေမယ့် ကိစ္စတွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်စေမယ့်ကိစ္စတွေကိုကန့်ကွက်ရှုတ်ချတယ်လို့လည်း ရေးသားထားပါတယ်။
စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှုနာမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေလုပ်နေသလို တစ်ချိန်က တရုတ်-မြန်မာအရေးအခင်း ဖြစ်စေခဲ့တဲ့ လက်သည်တရားခံဖြစ်တဲ့အတွက် ထပ်လောင်းသတိပေးလိုတယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်ဟာ စစ်ကောင်စီနဲ့ လက်ဝေခံအဖွဲ့အစည်းတွေက လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးမှု ဖြစ်တယ်လို့ နွေဦးတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက သုံးသပ်ပါတယ်။
"ရန်ကုန်လို၊ မန္တလေးလိုမြို့ကြီးပြကြီးတွေကို ဘယ်ဖက်က စိုးမိုးထိန်းချုပ်ထားသလဲ။ ဘယ်သူတွေက ဗိုလ်ကျနေသလဲ။ ရန်ကုန်မြို့အလယ်၊ မန္တလေးမြို့အလယ်မှာ မကြာခဏဆိုသလို တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ သပိတ်မှောက်ဆန္ဒပြတာတွေ လုပ်နေကြတယ်။ ဘယ်အဖွဲ့အစည်းတွေက လုပ်နေတာတုန်း။ ဒါကျွန်တော်တို့ အားလုံးသိနေတာပဲ။ စစ်ကောင်စီ၊ စစ်တပ်နဲ့ လက်ဝေခံအဖွဲ့အစည်းတွေက တရုတ်ဆန့်ကျင်ရေး လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ ဖြစ်အောင်ပေါ့ဗျာ။ သေချာပေါက်ရည်ရွယ် ချက်ရှိရှိ လုပ်နေကြတာပဲ။ မြို့လယ်ကောင်ကြီးတွေမှာ အခုလိုဖြစ်တယ်ဆိုတာကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီးသားကိစ္စပါပဲ"
အခုလို သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့တုံ့ပြန်ချက် သိရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မက်ဆင်ဂျာကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
တရုတ်နိုင်ငံအနေနဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကို ဖိအားပေးရပ်တန့်ခိုင်းပြီး စစ်ကောင်စီဘက်ကရပ်တည်နေတာကြောင့် မြန်မာပြည်သူလူထုအနေနဲ့ စိတ်ပျက်တာတွေရှိနေတယ်လို့ ဒေါက်တာတေဇာစန်းကဆိုပါတယ်။
တစ်ဖက်မှာလည်း ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်မရမှာကို စစ်ကောင်စီကိုထောက်ခံသူတွေက စိုးရိမ်ပြီး တရုတ်ရဲ့စေ့စပ်မှုတွေကို မလိုလားတဲ့အကြောင်းတွေလည်း တယ်လီဂရမ်က ချန်နယ်တွေမှာရေးသား နေတာတွေ့ရပါတယ်။ အစောပိုင်းကာလတွေမှာလည်း စစ်ကောင်စီကို ထောက်ခံအားပေးသူတွေက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့တွေမှာ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ ပါတယ်။
တရုတ်က စစ်ကောင်စီကို ဆက်ပြီးကာကွယ်ပေးနေရင် ပြည်သူတွေက တရုတ်နိုင်ငံအပေါ်နည်းမျိုးစုံနဲ့ ဆန့်ကျင်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်တစ်ရပ်လုံးကိုပါ ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့ တိုက်ပွဲမှာ တရုတ်ကနေပြီးတော့ အကာအကွယ်ပေး၊ ရပ်တည်ပေးတဲ့အတွက် တရုတ်ဟာ ပြည်သူတွေရဲ့ပစ်မှတ် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ ဗမာပြည်မှာ တရုတ် ဆန့်ကျင်ရေး အမြင်တွေလည်း ပိုပြီးတော့ တိုးပွားများပြားလာစရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားနဲ့ ခေါင်းဆောင်မှုရဲ့ဗမာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ မှားယွင်းစွာကျင့်သုံးနေတဲ့ မူဝါဒရပ်တည်ချက်ကြောင့်သာ ဖြစ်ပြီးတော့ တရုတ်လူမျိုးတွေနဲ့ အမျိုးသား ရေးပဋိပက္ခ ဖြစ်နေတာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သဘောပေါက်ဖို့လိုပါတယ်”
ဒီအတောအတွင်းမှာပဲ တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီလေတပ်ရဲ့ ရုရှားလုပ် MiG-29 ဂျက်တိုက် လေယာဉ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဗုံးကြဲနေချိန်မှာ တရုတ်စစ်တပ်က စစ်ကောင်စီလေယာဉ်တွေကို ပစ်ခတ်တယ်လို့ ဘူဂေးရီးယားတပ် BulgarianMilitary.com က အောက်တိုဘာ ၂ဝ ရက်နေ့က ဖော်ပြပါတယ်။ အောက်တိုဘာ ၁၉ ရက် ညဘက်ကပစ်ခတ်တဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ တွစ်တာနဲ့ တယ်လီဂရမ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ပစ်ခတ်တဲ့ အချိန်အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
ဗီဒီယိုကိုရော သတင်းကိုပါ BulgarianMilitary.com က သီးခြား အတည်မပြုနိုင်ဘူးလို့လည်း ပြောပါ တယ်။ ဗီဒီယိုမှာ လေယာဉ်ကို မမြင်ရပေမဲ့ ကောင်းကင်ပေါ်ကို ပစ်ခတ်နေတာကို တွေ့ရပါတယ်။ ရုပ်သံဖိုင်ထဲမှာ စကားသံတွေလည်း ကြားရပြီး တရုတ်စစ်သားတွေရဲ့အသံဖြစ်ပုံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဆက်နွှယ်သောသတင်းများ
မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှု NUG ကန့်ကွက်ရှုတ်ချ
တိုက်ပွဲကြောင့် တရုတ်နယ်စပ် ကန်ပိုက်တီက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ
မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ တိုက်ခိုက်ခံရ
ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီတွေသယ်လာတဲ့ယာဉ်တန်းလုံခြုံရေးလိုက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ကားတွေကို အောက်တိုဘာလ ၂၀ ရက်နေ့က မုံရွာမြို့အစွန် နတ်လူထိပ်ပန်ရပ်ကွက်နားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column ရဲ့ စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လုံခြုံရေးယူပေးတဲ့ ကားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဗျ။ သူတို့အင်အားကိုတော့ တိတိကျကျ မသိရဘူး။ အနီးကပ် ဝင်ပစ်တဲ့ အချိန်နဲ့ နေရာက ထင်မှတ်မထားတဲ့ နေရာကနေ ဝင်ပစ်ခဲ့တာဖြစ်လို့ သူတို့ ပြန်ပစ်ချိန်ကို မရလိုက်ဘူးဗျ။ သူတို့ တပ်စွဲထားတဲ့ နေရာနှစ်ခုကြားဆိုတော့ လုံခြုံရေးကို သူတို့က မယူပေးကြဘူးဗျ။ သေသွားတဲ့ တစ်ယောက်ကိုတော့ စွမ်းရည်ထက်ဆီဆိုင်မှာ ထားခဲ့ပြီး ဆက်မောင်းသွားတယ်”
ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column စစ်ကြောင်းနဲ့ ဘာမထီ တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံး၊ ထိခိုက်တဲ့ စစ်ကောင်စီတပ်သား အရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တရုတ်ကောင်စစ်ဝန်ရုံးနဲ့ တရုတ်ကြေးနီးတွေ သယ်လာတဲ့ကားတန်းလုံခြုံရေးအဖွဲ့တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့၊ စစ်ကောင်စီလေတပ်ရဲ့တိုက်လေယာဉ်ကို တရုတ်ဘက်က ပစ်ခတ်ခဲ့တယ်ဆိုတဲ့ BulgarianMilitary.com ရဲ့သတင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့က တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတဆင့်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အစွမ်းကုန်ကာကွယ်ပေးသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၂၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန်ပြောထားပါတယ်။ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးချိန်ကစလို အခု သုံးနှစ်ကျော်အတွင်း ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံကို မကြာခင်သွားဖို့ရှိတယ် ဆိုတဲ့သတင်းတွေ လည်း ပြီးခဲ့တဲ့သတင်းပတ်ကထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်တရုတ်ပြည်သွားမဲ့ အကြောင်းနဲ့ပတ်သက်လို့ Bloomberg သတင်းဌာနက တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ လင်ကျန်း ကိုမေးတဲ့အခါ ပြောစရာမရှိပါဘူးလို့သာ ပြန်ဖြေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များနှင့် လေ့လာသူများ၏ သုံးသပ်ချက်များအား ဖြည့်စွက်ရေးသားထားပါသည်။)