Ayeyarwaddy Times သတင်းဌာနကို စစ်ကောင်စီ လုပ်ငန်းလိုင်စင်ပိတ်သိမ်း

Ayeyarwaddy Times သတင်းစာမျက်နှာအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Ayeyarwaddy Times သတင်းစာမျက်နှာအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (RFA)

ဧရာဝတီတိုင်းမ် (Ayeyarwaddy Times) သတင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက် ကြောင်း စစ်ကောင်စီရဲ့ ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်သိမ်းလိုက်တာဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ အကြောင်း အရာတွေ ရေးသားဖော်ပြတာကြောင့် ပိတ်သိမ်းတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းအေဂျင်စီလုပ်ငန်းလိုင်စင် ပိတ်သိမ်းမှုဟာ သတင်းဌာနရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အကျိုးသက်ရောက်မှာမဟုတ်ဘူးလို့ Ayeyarwaddy Times သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က ပြောပါတယ်။

“စစ်ကောင်စီက ဒီသတင်းအေဂျင်စီလိုင်စင်ကို ပိတ်သိမ်းတဲ့ ကိစ္စရပ်သည် သတင်း ဌာနရဲ့ လုပ်ငန်းမူဝါဒ ခံယူချက်တွေနဲ့ ဆောင်ရွက်ချက်အပေါ်မှာ ဘာအကျိုး သက်ရောက်မှုမှ မရှိဘူးဆိုတာကို စစ်ကောင်စီကို ပြောချင်တယ်။ စစ်ကောင်စီက ဘယ်လိုပဲပိတ်သိမ်းသည်ဖြစ်စေ၊ ခြိမ်းခြောက်သည်ဖြစ်စေ၊ ဖမ်းဆီးသည်ဖြစ်စေ ကျွန်တော်တို့ဘက်ကတော့ သတင်းမီဒီယာတွေရဲ့ သန္နိဋ္ဌာန်အတိုင်းပဲ ပြည်သူလူထုဘက် ကရပ်တည်ပြီး အမှန်တရားအတွက် အခက်အခဲပေါင်းစုံကြားထဲက ဆက်လုပ်သွားမယ်”

အဲဒီသတင်းဌာနကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စစ်အာဏာသိမ်းတဲ့ နောက်မှာတော့ သတင်းထောက်တွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် လွတ်မြောက်နယ်မြေနဲ့ နိုင်ငံရပ်ခြားထိတိမ်းရှောင်ပြီး သတင်း လုပ်ငန်းကို ဆက်လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ကာလမှာ လွတ်လပ်တဲ့မီဒီယာတွေဟာ နည်းမျိုးစုံနဲ့ ဆက်လက် ဖိနှိပ်ခံနေရတယ်လို့လည်း မကြာသေးခင်ကမှ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်ချမှုကနေ ပြန်လွတ်လာတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ဒီလိုအခြေအနေမှာ မီဒီယာတွေ ပိတ်သိမ်းခံရတာ၊ သတင်းထောက်တွေ ဖမ်းဆီးခံရတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ပြည်သူလူထုကို မျက်နှာမူတဲ့ သတင်းဌာနတွေကတော့ ဆက်ရှိနေဖို့၊ ဆက်လက်ရပ်တည်နေဖို့ လိုအပ်ပါတယ်”

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် အပါအဝင် သတင်းဌာန ၁၅ ခု၊ စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၆ ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၀၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၄၅ ဦးကတော့ အခုချိန်အထိ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။