ရိုဟင်ဂျာစခန်းမီးလောင်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ်ဆေးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လူနှစ်ရာလောက်ကို ပြန်တွေ့သွားပြီဖြစ်ပြီး၊ မီးလောင်မှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

"မီးလောင်တော့ ပြေးရင်းလွှားရင်းနဲ့ တကွဲတပြားနဲ့ ဟိုစခန်း၊ ဒီစခန်းတွေ ရောက်သွားကြတာ၊ လူနှစ်ရာလောက်ရှိတယ်။ အခုတော့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူတွေဆီအကြောင်းကြား ချိတ်ဆက်ပြီးတော့ မိသားစုတွေ ပြန်တွေ့သွားကြပါပြီ"… လို့ မီးဘေးသင့်ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီနေတဲ့ ကုတုပါလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

မတ်လ ၅ ရက်နေ့ ညနေပိုင်းက ဘာလုခါလီဒုက္ခသည်စခန်းမှာ မီးလောင်ခဲ့လို့ အိမ်ခြေသုံးထောင်လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးဘေးသင့်ဒုက္ခသည် တစ်သောင်းခြောက်ထောင်နီးပါးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က မတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ကော့ဇ်ဘဇားခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတာဝန်ရှိသူနဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီး ဒီကော်မရှင်က ထုတ်ပြန်မယ့်အဖြေကို စောင့်ဆိုင်းနေကြတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ (IOM) က ရွက်ဖျင်တဲနဲ့ ဝါးလုံးတွေ အကူအညီပေးထားပြီး တခြားဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကလည်း မီးဘေးသင့်ဒုက္ခသည်တွေကို အစားအသောက်တွေ ကူညီပေးနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာ မီးဘေးသင့်ဒုက္ခသည်တွေအနေနဲ့ မီးဖိုချောင်သုံးပစ္စည်း၊ စားနပ်ရိက္ခာ၊ အဝတ်အစားတွေ လိုအပ်နေသလို တဲအိမ်တွေပြန်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

UNHCR ရဲ့ စာရင်းဇယားတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ကိုးသိန်းကျော် ရှိနေပါတယ်။