တပ်မတော်ရဲ့ ဖခင်လို့ ပြောရမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ကြဖို့ သီတဂူဆရာတော် အရှင်ဉာဏိဿရ က ဒီနေ့ မိန့်ကြားခဲ့ပါတယ်။
ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်က ပင်လုံရင်ပြင်မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားမှာ ဆရာတော် အရှင်ဉာဏိဿရ က မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"နိုင်ငံတစ်ခုတစ်ခုရဲ့ကျေးဇူးရှင်၊ နိုင်ငံတော်ရဲ့ဗိသုကာတစ်ယောက်ယောက်ရဲ့ ဂုဏ်ကျေးဇူးတွေ ကို နိုင်ငံသူနိုင်ငံသားတချို့ တချို့မဟုတ်ဘူး တခါတရံ ခပ်များများ အကြောင်းတစုံတခုကြောင့် ဖုံးကွယ်ထားတာမေ့လျော့နေကြတာတွေ နိုင်ငံတချို့မှာ ခပ်များများဖြစ်နေတယ်၊ အထူးသဖြင့် ဘုန်းကြီးတို့နိုင်ငံမှာ တော်တော်ကြာကြာ ဒီအဖြစ်ဟာရှိခဲ့တယ်။ လွတ်လပ်ရေးဗိသုကာ၊ လွတ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့ဗိသုကာ၊ တပ်မတော်ရဲ့ဖခင်၊ နိုင်ငံရေးဗိသုကာ နိုင်ငံရေးဖခင် လို့ ပြောရမယ့် ဗိုလ်ချူပ်အောင်ဆန်းရဲ့ရုပ်တုကို တည်ဆောက်ထားတဲ့ တပည့်ဒကာဒကာမတွေ အားလုံး ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကို ကျေးဇူးသိတတ်နေသမျှကာလအားလုံး ဒီတိုင်းပြည်နဲ့ ဒီလူမျိုး လုံးဝမဆင်းရဲဘူး"
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းလို တကယ်နိုင်ငံရေးလုပ်တဲ့သူတွေကို ဘုရားလောင်း စိတ်ဓာတ်ရှိတဲ့သူတွေလို့ ချီးကျူးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ထားရှိတဲ့နေရာဟာ ဒဂုံမြို့သစ်မြောက်ပိုင်းရဲ့ လမ်းဆုံလမ်းဂွဖြစ်တာကြောင့် မြို့နယ်နေ ပြည် သူတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမြင်တိုင်း ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်တွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး ထားရှိတာဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးတင်ထွန်းနိုင် က ပြောပါတယ်။
ကြေးရုပ်ထုရဲ့ အရွယ်အစားဟာ အမြင့် ၉ပေနဲ့ အောက်ခြေခုံတုံးအမြင့် ၁၅ပေနဲ့ စုစုပေါင်း ၂၄ ပေအမြင့် ရှိပြီး ကြေးပိဿာချိန် ၃၀၀ ခန့်ရှိပြီး တန်ဖိုးငွေကျပ် သိန်း ၁၃၀ ခန့်ကုန်ကျတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
