မန္တလေး မြို့တော်ဝန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲတာကြောင့် ၁၂ ဦး ဒဏ်ရာရ
2024.04.14
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းက မြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဧပြီလ ၁၄ ရက် ဒီနေ့မနက် ၁၀ နာရီကျော်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာကြောင့် လာရောက်လည်ပတ်သူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ် ၇၁ လမ်းမပေါ် ၂၆ လမ်းနဲ့ ၂၇ လမ်းကြား မြို့တော်ဝန်မဏ္ဍပ်အနီးက ဆိုင်ကယ်အပ်နှံတဲ့နေရာမှာ ဗုံးဆက်တိုက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦး ၁၂ ဦး ဒဏ်ရာရတယ်လို့ ကြားတယ်။ အရမ်းကြီးကြီးမားမားဖြစ်တာမျိုး မတွေ့ပါဘူး။ ဗုံးစထိမှန်ပြီး ဗိုက်တွေမျက်နှာတွေ ထိတာတော့ရှိတယ်။ ဒဏ်ရာရသူတွေကို မန္တလေး ပြည်သူ့ဆေးရုံကြီး ခေါ်သွားပါပြီ"
မြို့တော်ဝန်မဏ္ဍပ်မှာ ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ သီချင်းဆိုနေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း ပြန်စည်ကားနေတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို လတ်တလောအခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မန္တလေးမြို့က မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကျင်းပနေတဲ့ နေရာတွေအနီးမှာ အရပ်ဝတ်နဲ့ရော၊ စစ်ယူနီဖောင်းတွေနဲ့ပါ လုံခြုံရေးတိုးချထားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။