ကုလအစီရင်ခံစာ စစ်ကောင်စီဗဟိုဘဏ်ကန့်ကွက်
2024.06.30
စစ်ကောင်စီအတွက် ငွေကြေးနဲ့လက်နက်တွေရရှိနိုင်ဖို့ ဘဏ်တွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို စစ်ကောင်စီ ဗဟိုဘဏ်က ကန့်ကွက်လိုက်ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ စစ်ကောင်စီအာဘော် သတင်းစာမှာ စနေနေ့က ဖော်ပြတာပါ။ ဒီအစီရင်ခံစာဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွား၊ မြန်မာနဲ့တခြားနိုင်ငံတွေ ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) ဇွန်လ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာက စစ်ကောင်စီကို အထီးကျန်ဖြစ်အောင် ကြိုးပမ်းပေမဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်နေတုန်းပဲလို့ ဖော်ပြထားပါတယ်။
မတ်လအထိ တစ်နှစ်အတွင်း လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်သုံး နည်းပညာတွေ၊ ထုတ်လုပ်ရေးကိရိယာနဲ့ တခြားပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၂၅၃ သန်းဖိုး တင်သွင်းတယ်လို့လည်း ဆိုပါတယ်။ ဒါတွေကို ဝယ်ယူနိုင်ဖို့ အိမ်နီးချင်း ထိုင်းအပါအဝင် နိုင်ငံတကာကဘဏ်တွေက အထောက်အကူပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာဘဏ်တွေနဲ့ ငွေလွှဲပြောင်းတဲ့အခါ သေသေချာချာ စိစစ်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။
ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာတွေ၊ စိုက်ပျိုးမွေးမြူရေးပစ္စည်း၊ ဓာတ်မြေသြဇာ၊ စားသုံးဆီနဲ့ လောင်စာလို မြန်မာပြည်သူတွေအတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့ ကုန်စည်တွေ တင်သွင်းဖို့ပဲ ငွေလွှဲပြောင်းတယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။