ပြည်ပထွက်မယ့် ချင်းလူငယ် ၂၀ ကျော် မြောက်ဒဂုံမှာ ဖမ်းဆီးခံရ

2022.08.02
ပြည်ပထွက်မယ့် ချင်းလူငယ် ၂၀ ကျော် မြောက်ဒဂုံမှာ ဖမ်းဆီးခံရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အဝင်တစ်နေရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်
Photo: CJ

ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၉) ရပ်ကွက်မှာ ခေတ္တနေထိုင်တဲ့ ချင်းလူငယ် ၂၀ ကျော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

သူတို့ဟာ ပြည်ပနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ဖို့ ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့နယ်တွေကနေ ရန်ကုန်မြို့ကို ရောက်နေတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းလူမျိုး တစ်ဦးက RFA ကို ပြောပါတယ်။

"အရေအတွက်က အတိအကျ ပြောလို့မရသေးဘူး။ လောလောဆယ် သူတို့ကို ဘယ်မှာ ဖမ်းထားတယ်ဆိုတာ ကျနော်တို့ စုံစမ်းနေပါတယ်။ နိုင်ငံခြားထွက်ဖို့ ပတ်စပိုစ့် လုပ်တာတို့၊ စာရွက်စာတမ်းတွေ ပြင်ဆင်တာတို့ လုပ်နေကြတဲ့သူတွေပါ။ သူတို့ နိုင်ငံခြားထွက်ဖို့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေကိုလည်း ဆက်သွယ်နေတယ်။ အခုလောလောဆယ်တော့ ရဲစခန်းမှာပဲ ရှိနေသေးတယ်လို့ သိရတယ်"

ဖမ်းဆီးခံရတဲ့ ချင်းလူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်ထိ ပါဝင်ပြီး စစ်ကောင်စီ တပ်သားတွေက စစ်ကားသုံးစီးနဲ့ စစ်သား၊ ရဲ အင်အား ၄၀ နီးပါးနဲ့ ဖမ်းသွားတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခံထားရတဲ့ မြို့ဖြစ်တာ ကြောင့် အဲဒီမြို့နယ်ကနေ အဖမ်းခံရသူတွေကို စစ်တရားရုံးနဲ့ စစ်ဆေးအမိန့်ချတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။