မြို့ ၇ မြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်ရောက်


2017.07.07
chindwin-river-620.jpg ရေမဲနေတဲ့ ချင်းတွင်းမြစ်ရေကို တွေ့ရစဉ်
ဓါတ်ပုံ - ဇော်ဇော်ဌေး တကိုယ်တော် အောင်လံ(facebook)

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီးက မြို့ ၇ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတဲ့အတွက် ချင်းတွင်းမြစ်တလျောက် မြစ်ကမ်းအနီးနဲ့  မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေက ကနီမြို့ကလွဲပြီး ကျန်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့တွေမှာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ရောက်ရှိနေတာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။

"ချင်းတွင်းမြစ်ရေက စိုးရိမ်ရေမှတ်အောက်ရောက်တာ ကနီ(မြို့) တစ်ခုတည်း၊ မုံရွာဆိုရင်လည်း ဒီညနေပိုင်းဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်သွားနိုင်တဲ့အနေအထားရှိတယ်၊ ချင်းတွင်းမြစ် တလျှောက်လုံးမှာ ကနီကလွဲလို့ ကျန်တဲ့စခန်းတွေမှာတော့ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေတဲ့ အတွက်ကြောင့် အကုန်လုံးက စိုးရိမ်ရတဲ့အနေအထားရှိတယ်"

ဒီနေ့မနက်တိုင်းထွာချက်အရ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့် ကျော်လွန်နေပြီး ဟုမ္မလင်းမြို့မှာ  (၂)ပေခွဲခန့်၊ ဖောင်းပြင်မြို့မှာ (၂)ပေခွဲခန့် ၊ မော်လိုက်မြို့မှာ (၄)ပေခန့်၊ ကလေးဝမြို့နဲ့ မင်းကင်းမြို့တို့မှာ (၁)ပေခွဲခန့်စီ ရှိနေတယ်လို့  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေမြင့်တက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း နဲ့ မော်လိုက်မြို့တွေမှာ လူဦးရေ ၁၆ဝဝ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပေးထားရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။

ချင်းတွင်းမြစ်ရေ ဟာ ခန္တီးမြို့မှာ နောက်(၁)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်ပေမယ့် ကျန်တဲ့မြို့တွေကတော့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။