ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးခွင့်ရ

သန့်ဇင်ဦး၊ ဇာဏီထွဏ်း၊ စိုးသိမ်း၊ သီဟထွန်း၊ သက်စုအောင်၊ နီမင်းထွန်း၊ ဆလိုင်းကေတီဟောက်ခိုင်
2021.01.26

မြန်မာနိုင်ငံက ပထမဆုံးရထားတဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေး တစ်သန်းခွဲကို ဒီနေ့ စတင် ထိုးပေးနေတာပါ။

ကာကွယ်ဆေးက တခြားနိုင်ငံက တင်သွင်းရတာဖြစ်လို့ ကိုယ်လိုချင်သလောက် ချက်ချင်းရတာ မဟုတ်ဘဲ စောင့်ရဦးမှာဖြစ်တာကြောင့် ပြည်သူတွေ ကျန်းမာရေး သတိမပေါ့ဆဖို့ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။

နေပြည်တော် သူနာပြုတက္ကသိုလ်မှာ ပြုလုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးနှံပေးတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေး လည်း ဒီနေ့ ကာကွယ်ဆေးထိုးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေဟာ လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကာကွယ်ဆေး စထိုးခွင့်ရမှာပါ။

ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို စိုးရိမ်လို့ ဆေးမထိုးလိုကြသူတွေလည်း ရှိပါတယ်။

ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ အကျုံးဝင်တဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မထားဘဲ ကာကွယ်ဆေးထိုးကြဖို့ ဒီနေ့ကိုယ်တိုင်ဆေးထိုးခံခဲ့တဲ့ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနက လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာလာကြင် က တိုက်တွန်းပါတယ်။

နေပြည်တော် မြို့နယ် ၈ မြို့နယ်က ကျန်းမာရေး ဝန်ထမ်း ၃၈၀၀ ကျော်ကို ဆေးရုံ ၁၄ ခုမှာ ကာကွယ်ဆေး ပထမအကြိမ် စတင် ထိုးပေးတာဖြစ်ပါတယ်။

"ဒီနေ့မှာဆိုရင် အိန္ဒိယကနေ လှူလိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံကြီးတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို စပြီးထိုးပေးနေတာဖြစ်ပါတယ်။ အခု ရန်ကုန်တိုင်း အတွင်းက ရန်ကုန်ဆေးရုံကြီးမှာလည်း ဝန်ထမ်းပေါင်း ၂၀၀ နဲ့ ဧရာဝတီကျန်းမာရေးစင်တာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကိုလည်း ထိုးပေးနေပြီဖြစ်ပါတယ်။ တခြားမြို့နယ်တွေက ဆေးရုံတွေမှာလည်း သူတို့ရတဲ့ ခွဲတမ်းတွေနဲ့ စပြီးထိုးပေးနေပြီဖြစ်ပါတယ်။"

ရန်ကုန်တိုင်းမှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ဧရာဝတီစင်တာမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေး ထိုးခဲ့ကြပါတယ်။

ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက အရမ်းနည်းပြီး ဒီဆေးကြောင့် ထိခိုက်တာလည်း မတွေ့ရသေး တာကြောင့် ကာကွယ်ဆေးထိုးကြဖို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့် က တိုက်တွန်းပါတယ်။

"သိပ်နည်းပါးတဲ့ Side Effect ပါပဲ။ ပြင်းပြင်းထန်ထန် ဖြစ်တယ်ဆိုတာလည်း ကမ္ဘာပေါ်မှာ ဒီဆေးကြောင့် ဖြစ်တာ မတွေ့ရသေးဘူး။ မတွေ့ရသေးတာရယ်၊ တစ်စုံတစ်ရာနည်းပါးတဲ့ Side Effect (ဘေးထွက်ဆိုး ကျိုး) ရယ် အကျိုးများတဲ့ကာကွယ်မှုရယ် အဲ နှစ်ခုမှာ ချိန်ဆတဲ့အခါ အကျိုးများမှုက ကျနော်တို့ အတွက် ပိုများပါတယ်။ ကူးစက်မှုလည်း လျှော့ချနိုင်မယ်၊ ရောဂါပြင်းထန်မှုလည်း လျှော့ချနိုင်မယ်၊ ဒီကာကွယ် ဆေးက အပြစ်ကနည်းပြီးတော့ အကျိုးများတဲ့အတွက် ထိုးသင့်တယ်လို့ ပြည်သူလူထုကို ပြောချင်ပါ တယ်။"

ကာကွယ်ဆေးထိုးပြီးချိန်မှာ ဆေးထိုးတဲ့နေရာ နာတာ၊ နီတာ၊ ရောင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ နုံးချိပြီး မအီမသာ ဖြစ်တာတွေကတော့ လူ ၁၀ ယောက်မှာ ၁ ယောက်ထက်ပို ခံစားရနိုင်ခြေရှိပြီး ဆေးထိုးထားတဲ့နေရာမှာ အကြိတ်ဖြစ်တာ၊ ဖျားတာ ၊ အန်တာ၊ ရာသီတုပ်ကွေး သာမာန်လက္ခဏာပေါ်တာ တွေက လူ ၁၀ ယောက်မှာ ၁ ယောက်လောက်ပဲ ခံစားရနိုင်ခြေရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိ ပေးထားပါတယ်။

ဒီနေ့ ဆေးထိုးပြီးတဲ့သူတွေမှာ အဲဒီလက္ခဏာတွေ ပေါ်လာရင် ချက်ချင်းကုသပေးနိုင်ဖို့ နာရီဝက်ကြာ စောင့်ကြည့်နေတာလည်း တွေ့ရပါတယ်။

ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးက သူနာပြုအုပ် ဒေါ်သက်သက်သိန်းကတော့ တခြား ထူးထူးခြားခြား ခံစားရတာမျိုးမရှိဘဲ ဆေးထိုးပြီးတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ပြောပါတယ်။

"စိုးရိမ်ပါတယ်၊ ဘယ်တော့များ ကူးမလဲပေါ့နော်။ ကျမတို့ဆေးရုံက သူနာပြုတွေ ၁၅၀ လောက်ကူး ပါတယ်။ ဒါပေမဲ့ အားလုံးက အခြေအနေကောင်းပြီး အလုပ်ပြန်ဝင်နေကြပါပြီ။ ကျမတို့လည်း ဘယ်အချိန် မှာများ ကူးမလဲလို့ အောင့်မေ့မိပါတယ်။ ဒါပေမဲ့ မကူးခဲ့ပါဘူး။ ကာကွယ်ဆေးထိုးပြီးပြီဆိုတော့ ကိုယ့်ကိုယ် ကို ယုံကြည်မှု ပိုရှိလာတာပေါ့။"

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာန၊ ဆေးရုံကြီးတွေနဲ့ ဌာနတွေက ကျန်းမာရေး ဝန်ထမ်းပေါင်း နှစ်သောင်းငါးထောင်ကျော်ထဲက ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထိုးဖို့ အဓိကလိုအပ်တဲ့ ဝန်ထမ်း နှစ်ထောင့်ရှစ်ရာကျော် ရှိပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ကျန်းမာရေးဝန်ထမ်း တစ်သိန်းနှစ်သောင်း ရှိပါတယ်။

ကိုဗစ် ၁၉ ကူးစက်ပျံံ့နှံ့မှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ အခုလို ကာကွယ်ဆေး ထိုးခွင့်ရတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ပေးနိုင်တော့မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိးမင်းသိန်းက ပြောပါတယ်။

"ဒီကာကွယ်ဆေး ထိုးနှံခွင့် ရရှိတဲ့အတွက် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူ များစွာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ကျနော်တို့ ကပ်ဘေးကြီးကနေ အပြီးတိုင် ပြီးစီးဖို့ ဆက်ပြီး ရုန်းကန်ကြဦးမှာ ဖြစ်ပါတယ်။"

ကာကွယ်ဆေးထိုးဖို့ အုပ်စုလိုက်ပြင်ဆင်ထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကိုယ့်အလှည့်ရောက်တဲ့အခါ မဖြစ်မနေ ဆေးထိုးကြဖို့လည်း တိုက်တွန်းပါတယ်။

အိန္ဒိယနိုင်ငံကနေ လက်ဆောင်အဖြစ်ပေးတဲ့ ကိုဗစ် ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ဇန်နဝါရီ ၂၂ ရက်နေ့က ရောက်လာခဲ့ပြီးချိန်နောက်ပိုင်း တစ်နိုင်ငံလုံးကို လေကြောင်း၊ ကားလမ်းတွေကနေတဆင့် ဖြန့်ပေးထားတာပါ။ နောက်ထပ်လည်း ကာကွယ်ဆေး သန်း ၃၀ ကို အိန္ဒိယနိုင်ငံကနေ မြန်မာအစိုးရက ဝယ်ယူထားပြီး အဲဒီအထဲ က ကာကွယ်ဆေး ၂ သန်းဟာ အခုလာမယ့် ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ ရာက်လာဖို့ရှိတယ်လို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ ကာကွယ်ဆေးတွေကို ဝေစုခွဲပြီး ဖြန့်ဖြူးနေတဲ့ COVAX အစီအစဉ်က ကူညီထောက်ပံ့တဲ့ ကာကွယ်ဆေးတွေလည်း မတ်လထဲမှာ ရောက်လာဖို့ရှိပြီး မြန်မာအစိုးရက COVAX အစီအစဉ်ကနေ ဝယ်ယူထားတဲ့ ဆေးတွေလည်း ဧပြီလထဲမှာ ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိထိုးပေးတဲ့ ကာကွယ်ဆေးဟာ အရေးပေါ်ထိုးနှံ့မှုပေးတဲ့ဆေး ဖြစ်တာကြောင့် ဂရုတစိုက် ထိုးပေးရမယ့် ဆေးဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

"အိန္ဒိယက ထုတ်ထားတဲ့ ကိုဗစ်ရှီး (Covishield) ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးပေါ့နော်။ ဒါလေးကို ကျနော်တို့ စပြီးသုံးကြည့်ရမယ်။ ဒါလေးက ကျနော်တို့ ထိုးဖူးတာလည်း မရှိဘူး။ နောက်ပြီးတော့ ဒါကလည်း FDA approval တွေ မရသေးဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အရည်အသွေး သတ်မှတ်ချက် တွေလည်း မရသေးဘူး။ အရေးပေါ်သုံးခွင့်ရတဲ့ ဆေးဖြစ်တဲ့အတွက် ကျနော်တို့က ဂရုစိုက်ပြီး သုံးရမှာ ဖြစ်ပါတယ်။"

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေကို ဒီနေ့ စတင်ထိုးပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ထိုးပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်အထိ တစ်နေ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ထောင်ဝန်းကျင် နေ့စဉ်တွေ့ရှိနေပြီး ဒီလဆန်းပိုင်းကစပြီး ပိုးကူးစက်ခံရသူ တွေ့ရှိမှုတွေ သိသိသာသာ ကျဆင်းလာနေပြီး ဇန်နဝါရီ ၂၆ရက်နေ့ မနေ့က အတည်ပြုလူနာ ၄၁၁ ဦးနဲ့ သေဆုံးသူ ၁၃ ဦးရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း မနေ့ကအထိ ၃၀၈၂ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။