တစ်ပတ်အတွင်း ကိုဗစ်လူနာ ၇၀၀ ကျော် တွေ့၊ သေဆုံးသူတချို့ရှိလာ

RFA Burmese
2023.05.02
တစ်ပတ်အတွင်း ကိုဗစ်လူနာ ၇၀၀ ကျော် တွေ့၊ သေဆုံးသူတချို့ရှိလာ ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် (၅၀၀) ဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသူတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ သုသာန်သို့ ပို့ဆောင်စဉ်။
ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်း

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ တစ်ပတ်အတွင်း ၇၀၅ ဦးရှိခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိတယ်လို့ မေလ ၂ ရက်နေ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁ ရက်နေ့အတွင်း တွေ့ရှိရတဲ့ ကိုဗစ်-၁၉ ကူးစက်လူနာ အခြေအနေနဲ့ သေဆုံးမှုအ‌ခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားတာပါ။

မေလ ၂ ရက်မှာလည်း ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ခုတင် (၅၀၀) ဆေးရုံကြီးမှာ အသက် (၆၇) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ကိုဗစ်နဲ့ သေဆုံးခဲ့တယ်လို့ ရုပ်အလောင်း သယ်ယူ ပို့ဆောင်ပေးခဲ့တဲ့ ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"သူက အသက်ကကြီးပြီခင်ဗျ။ နယ်ကဗျ။ ပြည်မြို့ကတော့မဟုတ်ဘူး၊ မြန်အောင်ဘက် က။ ပြည်ကိုလာပြီး ဆေးရုံးလာတက်ရင်း ရောဂါလက္ခဏာတွေ့တော့ ဆေးရုံကစစ်ရင်း တွေ့ခဲ့တာ"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဧပြီလ ၂၉ ရက်နေ့က ပိုးတွေ့လူနာ ၁၃၀ အထိ ရှိခဲ့ပြီး တစ်ပတ်အတွင်း အများဆုံးဖြစ်ခဲ့သလို အဲဒီနေ့မှာပဲ ရန်ကုန်တိုင်း၊ လသာမြို့နယ်က တစ်ဦး သေဆုံးခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ကလည်း ပိုးတွေ့လူနာ ၇၇ ဦးရှိခဲ့ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က တစ်ဦး သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ အသက် ၅ နှစ်နဲ့အထက်ရှိသူတိုင်း ကိုဗစ်ကာကွယ်ဆေး ကို အကြိမ်ပြည့် ထိုးဖို့၊ အလုံပိတ်အခန်းနဲ့ လူထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်း တပ်ဆင်ဖို့၊ လက်ကို မကြာခဏ ဆေးကြောဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ကိုဗစ်ကူးစက်ကာလက သေဆုံးသူအများအပြားရှိခဲ့ပြီး ရန်ကုန်မြို့က သုဿာန်တွေမှာ ရုပ်အလောင်းတွေ စုပြုံတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် လူနာတွေအတွက်လိုအပ်တဲ့ ဆေးဝါးနဲ့ အောက်ဆီဂျင်ဘူး လိုအပ်ချက်တွေ ဟာလည်း မြင့်မားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသူပေါင်း ခြောက်သိန်းကျော်ရှိခဲ့ပြီး ၁၉,၄၉၂ ဦး သေဆုံးခဲ့ရပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။