ဒေါ်အောင်ဆန်းစုကြည် ထောင်သီးသန့်ဆောင်မှာ တစ်ဦးတည်း ထိန်းသိမ်းခံထားရ

2022.06.24
ဒေါ်အောင်ဆန်းစုကြည် ထောင်သီးသန့်ဆောင်မှာ တစ်ဦးတည်း ထိန်းသိမ်းခံထားရ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် အာဆီယံ-ကုလ သမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်
Photo: MANAN VATSYAYANA / AFP

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခံလိုက်ရပြီးနောက် အရင်က အနီးကပ် ပြုစုနေသူ အားလုံးကို စစ်ကောင်စီက လိုက်ပါခွင့်မပေးတော့ဘဲ တစ်ယောက်တည်း ထိန်းသိမ်းခံထားရတယ်လို့ ဒီအခြေအနေကို အသေးစိတ်သိရှိထားတဲ့ သတင်းရင်းမြစ် တချို့က RFA ကို ပြောပါတယ်။

"သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ အရင်နေသူတွေ တစ်ယောက်မှ ပါမလာဘူး။ တိုက်ချီဒိုကို ပေးခေါ်ပေမယ့် သူ့ကျန်းမာရေးအတွက် အန်တီ မခေါ်လာဘူးတဲ့။ ထောင်မှာ သီးသန့်အဆောင်၊ ရေချိုးခန်း အိမ်သာ တွဲရက်ပေါ့။ ပြတင်းပေါက်လည်း ပါတယ်။ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး ပေးထားတယ်။ ရေခဲသေတ္တာ မရှိလို့ အစားအစာတွေ ထားလို့မရဘဲ လိုသလောက်ပဲ တစ်ရက်၊ နှစ်ရက်စာပဲ ပို့ရမယ် ထင်တယ်" လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခံရပေမယ့် သူ့အနေနဲ့ အဆင်ပြေတယ်လို့ ပြောပြီး အခြေအနေတွေအားလုံးကိုလည်း တည်တည် ငြိမ်ငြိမ်နဲ့ ဆက်လက်ရင်ဆိုင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ဒါတွေက သူ့အနေနဲ့လည်း ကြိုပြီး မျှော်လင့်ထားပြီးသားပါ။ ထောင်က အမျိုးသမီး ဝန်ထမ်း သုံးယောက် ရမယ်။ အရင်လို ဝိုင်ဖိုင်လိုင်း လုံးဝမရတော့ဘူး။ တရားရုံးကို လာတဲ့ ရှေ့နေတွေရဲ့ ကားမှာလည်း လူအပိုခေါ်လာလို့ မရတော့ဘူး။ သူရောက်ပြီးမှ ထောင်လုံခြုံရေးကတော့ တော်တော် တင်းကျပ်သွားတယ်လို့ ပြောလို့ရတယ်"

စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီး ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်ထဲကို ပြောင်းရွှေ့ လိုက်ပြီး ထောင်ထဲမှာ သီးခြား ကောင်းမွန်စွာထားရှိကြောင်း ဇွန်လ ၂၃ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

ဇွန်လ ၂၃ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရှောင်တားနဲလ်တို့ စွပ်စွဲခံထား ရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ - ၃ (၁) (ဂ) အမှုကို နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ပထမဆုံး စတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ကို စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲ မသမာမှုနဲ့ပတ်သက်လို့ ဆက်လက်ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေအားလုံးကို အပြီးသတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းလာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျန်းကျန်းမာမာရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဒီနေ့လည်း ကျန်းကျန်းမာမာ ရှိပါတယ်။ အန်တီ့ကို တာဝန်ယူပေးရတဲ့ ရဲအရာရှိ တစ်ယောက်ကို အန်တီ့အတွက် အစားအသောက်တွေ ပေးခွင့်ရခဲ့တယ်လို့လည်း သိရတယ်။ ဒီပစ္စည်းလေးတွေ ပေးချင်တယ်လို့ပြောရင် သူတို့ ပို့ပေးပါတယ်"

ဒီအမှုအတွက် စွဲချက်ဒုတိယအပိုင်းအနေနဲ့ သူတို့သုံးဦးလုံးက အမှုနဲ့ပတ်သက်လို့ အပြစ် မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) နဲ့ စွဲဆိုခံထားရတဲ့ အမှု ဖြစ်ပါတယ်။ ဒီအမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ် စွဲဆိုထားတာပါ။

သမ္မတ ဦးဝင်းမြင့်ကိုတော့ နေပြည်တော် အချုပ်ထောင်ပြင်ပကနေ အချုပ်ထောင်တွင်း တရားရုံးကို ခေါ်လာတာဖြစ်ပြီး ဒီနေ့ထိ အချုပ်ထောင်ထဲမှာ ထားတာမျိုး မရှိသေးဘူး လို့လည်း ဆိုပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့အမှု ၁၃ မှု အတွက် ဆက်လက်ရင်ဆိုင်နေရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့နေ့မှာပဲ နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ မြနန်းဘုံသာလမ်းမှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးပြီး အဲဒီနေအိမ်မှာ နှစ်ရက်တိတိ အကျယ်ချုပ်ထားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နေပြည်တော်က အမည်မသိတဲ့ နေရာတစ်ခုကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး အခု ဇွန်လမှာတော့ နေပြည်တော် အချုပ်ထောင်ထဲအထိ စစ်ကောင်စီက ပို့လိုက်တာလည်း ဖြစ်ပါတယ်။

ယခင်စစ်အစိုးရတွေ လက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်-၅၄ မှာ နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာမှ နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်ခဲ့တာပါ။

အခုလို နေပြည်တော်အချုပ်ထောင်ကို အပို့ခံရတာက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းကလည်း စစ်တပ်က သူမကို အင်းစိန်ထောင်မှာ လေးလကြာ ထိန်းသိမ်းထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။