FDA ညွှန်ကြားရေးမှူးချုပ်ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ဖို့ တိုင်းတရားလွှတ်တော် ဆုံးဖြတ်


2019.03.01
dr-thanhtut-fda-622.jpg FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို မန္တလေးတိုင်းတရားလွှတ်တော်မှာ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို အဂတိလိုက်စားမှု ပုဒ်မ ၅၆ နဲ့ တရားစွဲဖို့ မန္တလေးတိုင်း တရား လွတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ ဒေါက်တာ သန်းထွဋ်က သူ့မှာအပြစ်မရှိကြောင်း တရားခွင်မှာထွက်ဆိုခဲ့ပြီး တရားလိုဖြစ်သူ အပါဝင် ပြန်ခေါ်သက်သေ ၁၁ ယောက်ကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒေါက်တာ သန်းထွဋ်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန စီမံကိန်းတွေကနေ ငွေကျပ်သိန်း ၁ ထောင့် ၅ ရာကျော် အလွဲသုံးစား လုပ်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားမှုရှိတာကြောင့် ကော်မရှင်က အဂတိလိုက်စားမှု ပုဒ်မ ၅၆ နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက အမှုဖွင့် တရားစွဲခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဒီအမှုကို ဆက်လက်စစ်ဆေးဖို့ မန္တလေးတိုင်း တရားလွှတ်တော်ကို လွဲပြောင်းခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ ၃၆ ဦးကို တင်သွင်းထားပြီး အမှုဖွင့်တရားစွဲဖို့ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအမှုကို စစ်ဆေးနေတာ ၁ နှစ် နီးပါးရှိနေပြီဖြစ်ပြီး နောက်တစ်ပတ်ရုံးချိန်းကိုတော့ မတ်လ ၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။



 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။