ယုဇနဥယျာဉ်အိမ်ရာမှာ မူးယစ်ဆေးဝါး ရောင်းချသူတချို့ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာထဲက (၉၄) ရပ်ကွက်မှာ နေထိုင်တဲ့ မူးယစ်ဆေးဝါး ရောင်းချသူတချို့ကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အဲဒီအိမ်ရာမှာ နေထိုင်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် နှစ်ဆယ်ကနေ သုံးဆယ်ကြားအရွယ် အမျိုးသား တွေဖြစ်ပြီး နာမည်အပါအဝင် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းချသုံးစွဲပြီး မူးယစ်ရမ်းကားနေတာကြောင့် ရပ်ကွက်မှာ နေထိုင်သူတွေက စစ်ကောင်စီကို အကူအညီတောင်းပြီး ဖမ်းဆီးခိုင်းလိုက်တာလို့ အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"(၉၄) ရပ်ကွက် (B) ဘလောက်မှာ နေထိုင်တဲ့သူတွေလို့ သိထားပါတယ်။ အဖမ်းခံရ သူတွေထဲမှာ မူးယစ်ဆေးဝါး မသုံးတဲ့သူတွေလည်း ပါနေတယ်။ စစ်ကောင်စီတပ်က ဆေးသုံးပြီး သောင်းကျန်းနေသူတွေကို ဝင်ဖမ်းပြီး ပြန်အထွက်မှာ တွေ့သမျှလူကို ဖမ်းတော့ မဆိုင်တဲ့သူတွေ ပါသွားတာလည်း ရှိတယ်"

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်သားတွေက ကားထဲမှာ ထိုးကြိတ်ရိုက်နှက်တာတွေ လုပ်ခဲ့ပြီး သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အတိအကျ မသိရ သေးဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတွေကို ဖမ်းဆီးရင်း မဆိုင်တဲ့သူတွေပါသွားတယ်လို့ ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ မသိရသေး ဘူးလို့သာ ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းကျော် (၇,၃၅၅,၀၇၅ ဦး) ရှိတဲ့ ရန်ကုန်တိုင်းမှာ အာဏာသိမ်းပြီး နောက်ပိုင်း မြို့နယ်တချို့မှာ မူးယစ်ဆေးဝါး ရောင်းချတာတွေ ပိုများလာသလို ပေါ်ပေါ်တင်တင် သုံးစွဲတာပါ ရှိလာနေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။