အီလက်ထရောနစ် ဥပဒေ ကို ထောင်ဒဏ်လျှော့ပေါ့ ပြင်ဆင် အတည်ပြု
2014.02.27
လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတြည်ပုခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာ ပါတယ်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ရက်စွဲ နဲ့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ပြစ်ဒဏ်တွေကို ထောင် ဒဏ်တွေလျှော့ပြီး၊ ငွေဒဏ်တွေတိုးထားပေမဲ့ ဒီဥပဒေဟာ လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ သရုပ်ဆောင် ဦးသူရ ခေါ် ဇာဂနာက ပြောပါတယ်။
"ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်ကတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး သေသေချာချာ တိုင်ပင်ပြီးတော့မှသာလျှင် ဒီဥပဒေမျိုး ကို ရေးဆွဲပြီးတော့ အတည်ပြုတာမျိုး ဖြစ်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခုချိန်ခါမှာ ဒါမျိုးလုပ်လိုက်ရော၊ လုပ်လိုက်ပြီးတဲ့အခါမှာ အဲဒီဥပဒေကို နောက်တခါ ထပ်ပြင်ဖို့က အကြာကြီးစောင့်ရဦးမယ်၊ ဒီဥပဒေ မပြင်နိုင်သေးတဲ့ အတောအတွင်းမှာ အချိန်မရွေး မြန်မာနိုင်ငံ ထဲမှာရှိနေတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသောသူများ၊ သေချာတယ် အဲဒါက နိုင်ငံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ချိတ်ဆက်နေတဲ့လူတွေကို အမြင်ကတ်လို့ လုပ်ထားတဲ့ဥပဒေ၊ ဒီ့အတွက်ကြောင့်မို့ အဲဒီလူတွေကို ဒီလိုမျိုးအရေးယူဖို့ဆိုတာဟာ ဒီပုဒ်မတစ်ခုနဲ့ ခြိမ်းခြောက်ထားသလိုပဲ"
ဒီဥပဒေပြင်ဆင်ချက်မှာ အပိုဒ် ၆ ပိုဒ် ပါဝင်ပြီး ပုဒ်မ ၃၃ မှာ မူလက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အထိ အစား အခု ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ပြောင်းလဲသတ်မှတ်ထားသလို ပုဒ်မ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တွေမှာလဲ ထောင်ဒဏ်အစား ငွေဒဏ် အရင်ချမှတ်ပြီး ငွေမပေးနိုင်မှ ထောင်ဒဏ်ချမှတ်ခွင့်ပြုထားပါတယ်။
အီလက်ထရောနစ်ဥပဒေကို စစ်အစိုးလက်ထက် ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေနဲ့ အနုပညာရှင် ကိုဇာဂနာ ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ စာရေးဆရာ အယ်ဒီတာ ကိုဇော်သက်ထွေး၊ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
အခုလို အီလက်ထရောနစ် ဥပဒေကို ထောင်ဒဏ်လျှော့ပေါ့ပြင်ဆင် အတည်ပြုလိုက်တာနဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။