ကိုအောင်မှိုင်းဆန်း အပါအဝင် ၃၅ ဦးကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲက ကိုအောင်မှိုင်းဆန်း အပါအဝင် ၃၅ ဦးကို သီတင်းနှစ်ပတ်ကနေ တစ်လခွဲအထိ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်းအပြန်မှာ ဆေးလိပ်နဲ့ ကွမ်းယာတွေ ထောင်ထဲ သယ်တာကို ထောင်ဘူးဝမှာ စစ်ဆေးတွေ့ရှိလို့ဆိုပြီး ထောင်ဝင်စာပိတ်လိုက် တာလို့ ထောင်ဝင်စာအပိတ်ခံရတဲ့သူတွေထဲပါဝင်သူ ကျောင်းသား ကိုရွှေကြယ်မိုးကို ဒီနေ့ သွားတွေ့ခဲ့တဲ့ ဖခင် ဦးစံထွန်းက ပြောပါတယ်။

"ကျောင်းသားခေါင်းဆောင် အောင်မှိုင်းဆန်း အပါအဝင် ၃၅ ယောက် ထောင်ဝင်စာပိတ်ခံထားရပါတယ် ခင်ဗျာ၊ ပြဿနာက ပြီးခဲ့တဲ့ရုံးချိန်းတို့က အပြန်တုန်းက ဆေးလိပ်နဲ့ ကွမ်းယာယူသွားတယ်ဆိုပြီးတော့ ထောင်မှူး ကတွေ့လို့ ပိတ်လိုက်တာပါခင်ဗျာ၊ နှစ်ပတ်ပိတ်တာ၊ ကျနော်တို့ကို စာရင်းကြည့်ခွင့်မပေးပါဘူး"

အကျဉ်းထောင်ဥပဒေအရ ထောင်ထဲကို ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာတွေ မယူရဘူးဆိုပြီး အသိပေးထား တာကို စည်းကမ်းချိုးဖောက်ခဲ့တဲ့အတွက် အနည်းဆုံး သီတင်းနှစ်ပတ်ကနေပြီး အများဆုံး သီတင်း ခြောက်ပတ် အထိ ထောင်ဝင်စာ ပိတ်ထားတယ်လို့ သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြော ပါတယ်။

ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ထောင်ဝင်စာပိတ်လိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေတာဖြစ်တယ်လို့ ပြောပါတယ်။

"အကျဉ်းထောင်လက်စွဲမှာလည်း ဆေးလိပ်ကို ထောင်ကတောင်ပေးရမယ်လို့ပါတယ်၊ ကျနော်တို့ နာဂစ်ဖြစ် ပြီးနောက်ပိုင်းမှာ ညွှန်ကြားရေးမှူးချုပ်က ဇွန်လထဲ မှာပေါ့နော်၊ ညွှန်ကြားချက် ထုတ်တာက စီးကရက်အစား ကွမ်းယာကိုသွင်းခွင့်ပေးတယ်ဆိုတော့ ကျနော်ကိုယ်တိုင် အင်းစိန်ထောင်၊ မန္တလေးထောင်၊ မုံရွာထောင်၊ ကလေးထောင်အထိ ကျနော်ထောင်ကလွတ်တဲ့ ၁၇ ရက် ၁၂ လ ၂၀၁၀ နေ့အထိ ကျနော်တို့ ကွမ်းယာကို ယူခွင့်ရတယ်၊ ထောင်ကလည်း အပ်ငွေနဲ့ ဝယ်ပေးတယ်၊ အခုကျမှ ကွမ်းယာကို မပေးဘူးဆိုတာကတော့ ဒါ လူ့အခွင့်အရေးကိုပါ ထိခိုက်တာဖြစ်ပါတယ်"

ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုရွှေကြယ်မိုး၊ ကိုရဲဝင်းအောင် တို့အပါအဝင် ကျောင်းသား ၃၅ ယောက်ကို အစားအသောက်တွေ ပို့ခွင့်ရပေမယ့် မိသားစုဝင်တွေအနေနဲ့ တွေ့ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၆၈ ဦးရှိပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။