ကရင်ပါတီခေါင်းဆောင်နဲ့ လယ်သမား ၁၇ ဦးကို စစ်တပ်က အမှုဖွင့်
2015.06.16

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက စစ်တပ်က သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် လယ်သမား ၁၇ ဦးနဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ မန်းအုန်းမြင့်သိန်းတို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အမှုဖွင့်ထားပါတယ်။
သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် လယ်သမားတွေကို အကူအညီပေးခဲ့တာကြောင့် အမှုရင်ဆိုင်နေရတာဖြစ်ကြောင်း တရားစွဲခံထားရသူ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ မန်းအုန်းမြင့်သိန်းက ပြောပါတယ်။
"အဲဒီ့အမှုထဲပါတဲ့ အကြောင်းရင်းက ကျနော်ကဒီလယ်မြေတွေကို မူလအသိမ်းခံ လယ်သမားတွေ အတွက် ပြန်လျှောက်ပေးတယ်၊ ကျနော်က ထွန်တုံးတိုက်ပွဲကို ပြဿနာတစုံတရာ မဖြစ်အောင်ဆိုပြီးတော့ စရဖ၊ ရဲသတင်းတပ်ဖွဲ့နဲ့ ကျနော်တို့ရယ် ကွင်းဆင်းကြည့်ရှုပြီးတော့ ထိန်းကျောင်းပေးတာပဲရှိတယ်၊ အဲ့အတွက်နဲ့ ကျနော့်နာမည်ပါ ပါသွားတာပေါ့၊ ဗိုလ်ကြီး နေထက်သူရကလည်း ရှေ့တန်းလောက်ကိုင်ရောက်နေတယ်၊ သူတရားလိုအနေအထားနဲ့ ဒီမှာမရှိတော့ဘူး၊ အဲ့ဒါကြောင့် ဘယ်လိုနည်းနဲ့ အမှုတည်ဆောက်ပြီး ရုံးပေါ်ရောက်မလဲ မပြောတတ်သေးဘူး၊ မနက်ဖြန်တော့ ကျနော်တို့ ကိုယ်တိုင်ခံဝန်နဲ့ အာမခံယူရမှာပေါ့"
ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက လယ်ယာမြေဧက ၉ဝဝ ကျော်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ တခြားတပ်ရင်း ၁၆ ခုတို့က လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး တခြားလယ်သမားတွေကို သီးစားချငှားရမ်းထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလယ်ယာမြေအားလုံးကို ၂၀၁၄ ခုနှစ်မှာ ပြန်ပေးခဲ့ပါတယ်။ အခုအမှုရင်ဆိုင်နေရတာက လယ်တွေပြန်မပေးခင် ၂၀၁၃ ခုနှစ်က ဝင်ရောက်ထွန်ယက်ခဲ့တာကို တရားစွဲဆိုတဲ့အမှုလို့ ပြောပါတယ်။
ကရင်ပြည်သူ့ပါတီ ဥက္ကဌ မန်းအုန်းမြင့်သိန်းကို မခင်ပြည့်စုံ ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။